MySport Myanmar

သူရဲ့ ဘောလုံးသမားဘဝက အချိန်သိပ်မကျန်တော့ဘူးလို့ ရော်နယ်လ်ဒို ဝန်ခံလာ

လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်သော အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့အနေနဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ဘောလုံးဆက်ကစားရဖို့ အချိန်တွေ သိပ်မကျန်တော့ဘူးလို့ ဝန်ခံ ပြောဆိုလာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၉)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ဘာလွန်းဒေါဆု (၅)ကြိမ်ထိ ဆွတ်ခူးထားနိုင်သူထိပ်တန်း ကစားသမားကြီး ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဝင်ရောက် ဆင်နွဲသွားဖို့ အစီအစဉ် ရှိနေပေမယ့်လည်း သူရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်ရမယ့်အချိန် နီးလာနေပြီလို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : ESPN

စပို့တင်း လစ္စဘွန်း ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရီးယဲလ် မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ပေါ်တူဂီအတွက်လည်း ပွဲပေါင်း (၂၀၀)နီးပါးလောက် ကစားထားခဲ့ပြီး ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလားတွေ ရယူထားနိုင်ခဲ့သလို တစ်ဦးချင်း ဆုဖလားတွေ စံချိန် မှတ်တမ်းကောင်းတွေကိုလည်း ပိုင်ဆိုင်ထားခဲ့ရပါတယ်။

အခု ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ပါဝင်နေတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအတွက် ပွဲပေါင်း (၈၀)ဝန်းကျင်အထိ ကစားထားခဲ့သလို ၂၀၂၆ခုနှစ်အထိပါ စာချုပ်သက်တမ်းတိုးဖို့လည်း ပြင်ဆင်နေပေမယ့် ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့က အချိန်သိပ်မကျန်တော့ဘူးလို့ ပြောဆိုလာပါတယ်။

Photo Credit : Goal

“ကျွန်တော် ဘောလုံးကစားရတာကို နှစ်သက်နေဆဲဖြစ်ပြီး ကွင်းထဲမှာ ကစားရမယ့် အချိန်တွေ သိပ်မကျန်တော့ဘူး ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒီအချိန်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံးက အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းတွေ ဆုဖလားများ ရယူခြင်းတွေ မဟုတ်ပါဘူး။”

“အရေးကြီးတာက ဘောလုံးကစားရတာကို ပျော်ရွှင်နေဖို့နဲ့ ကလပ်အသင်း နိုင်ငံအသင်းတို့အတွက် အသုံးဝင်နေဖို့ပါပဲ။ စံချိန် မှတ်တမ်းတွေဆိုတာက ကျွန်တော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးတော့ ဒါတွေကို ချိုးဖျက်နေကြပါ။ ဘောလုံး စကစားကတည်းက စံချိန်တွေကို ချိုးဖျက်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေခဲ့တာဖြစ်ပြီး ဒါက နောက်ဆုံးအချိန်ထိ ခံစားနေရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ရော်နယ်လ်ဒိုက ပြောဆိုလိုက်ပါတယ်။

Exit mobile version