ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ပွဲအပြီးမှာ သူရဲ့နည်းပြအာတီတာကို ဝမ်းသာအားရနဲ့ “မီခေးလ်” လို့ ခေါ်ဆိုခဲ့ပြီး နည်းပြတစ်ယောက်ရဲ့နာမည်ကို ဒီလိုပုံစံမျိုးနဲ့ ခေါ်ဆိုခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ လုပ်ရက်တစ်ခုလို့ မြင်မိကြောင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝေဖန်ပြစ်တင်ခဲ့တာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။

Photo Credit : Metro

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့နည်းပြ မီခေးလ်အာတီတာကတော့ ရွိုင်ကိန်းဝေဖန်ပြောဆိုခဲ့သလို အူဘာမီယန်းရဲ့ အပြုအမှုတွေက လေးစားမှုကင်းမဲ့နေသလို မခံစားရဘူးလို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာတီတာက “ကျွန်တော် ရွိုင်ကိန်းရဲ့ မှတ်ချက်ပြုစကားနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ကျွန်တော်ကတော့ အူဘာမီယန်း ကျွန်တော့်ကို ဒီလိုသုံးနှုန်းခေါ်ဆိုတာကို ပုံမှန်လို့ပဲ မြင်မိပါတယ်။ ကျွန်တော်သူတို့ကို ပြောထားပြီးသားပါ။ သူတုုိ့ရဲ့စိတ်ထဲမှာ အဆင်ပြေတဲ့ပုံစံအတိုင်း ကျွန်တော့်ကို ခေါ်ဆိုခွင့်ရှိတယ်ဆိုတာကို ပြောထားခဲ့ပြီးသားပါ”

Photo Credit : EuroSport

“အများစုကတော့ လေ့ကျင့်ရေးကွင်းတွေမှာဆိုရင် ကျွန်တော့်ကို Boss ဒါမှမဟုတ်ရင် နည်းပြလို့ ခေါ်ကြတယ်။ ပြင်သစ်ကစားသမားတွေကတော့ နည်းပြလို့ ခေါ်ကြတာများတယ်။ ဒါက ကျွန်တော့်အတွက် စိတ်ရှုပ်စရာလည်း မဖြစ်ခဲ့သလို အူဘာမီယန်းရဲ့ ခေါ်ဆိုမှုကလည်း လေးစားမှုမရှိသလို မခံစားမိပါဘူး။ ကစားသမားတစ်ယောက်အနေနဲ့ ကိုယ်ရဲ့နည်းပြကို ဒီလိုပုံစံမျိုး ဘာကြောင့်ဆက်ဆံလဲဆိုတာကိုလည်း ကျွန်တော်နားလည်တယ်။ ကျွန်တော်ကတော့ ကစားသမားနဲ့ နည်းပြရဲ့ကြားမှာ အရင်းနှီးဆုံး ဆက်ဆံရေးတစ်ခု ရှိနေဖို့ပဲ လိုမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီလိုအခေါ်အဝေါ်တွေအပေါ်မှာ လေးစားမှုရှိတာမရှိတာတွေကို ကျွန်တော်လိုက်ပြီး စိုးရိမ်နေမှာ မဟုတ်ပါဘူး” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့် တတိယပွဲစဉ်အဖြစ် အိမ်ကွင်းအမ်းမရိတ်ဒ်မှာ နော်ဝေကလပ် မိုလ်ဒီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ထုံးစံအတိုင်း လူငယ်ကစားသမားတွေ အရန်ကစားသမားတွေနဲ့ပါ ဆက်လက်ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒီပွဲပြီးရင်တော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီရာသီမှာ ခြေစွာနေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ အိမ်ကွင်းမှာ ဆက်လက်ဧည့်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။