မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဂ်လန်နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကတော့ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား ပေါလ်ပေါ့ဘာအနေနဲ့ လာမယ့်စျေးကွက်မှာ အသင်းမှာ ဆက်ရှိမလား ဒါမှမဟုတ် လမ်းခွဲမလားဆိုတာကို သူစိတ်မဝင်စားကြောင်းနဲ့ သူအသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင်လည်း ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်နဲ့ အစားထိုးသွားသင့်​ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၇)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ သူရဲ့အေးဂျင့်ဖြစ်သူ ထုတ်ဖော်ပြောဆိုထားတဲ့ စကားတွေကြောင့် သူရဲ့ အနာဂတ်အ​ခြေအနေတွေက မတည်မငြိမ် ဖြစ်လို့နေပြီး လာမယ့်နွေစျေးကွက်ထဲမှာပဲ ပေါ့ဘာနဲ့ ယူနိုက်တက်တို့ ဒုတိယအကြိမ်အဖြစ် လက်တွဲဖြုတ်ကြလိမ့်မယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ တကယ်လို့ ပေါ့ဘာသာ အသင်းကနေ ထပ်မံထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဂရီးလစ်ကို ပစ်မှတ်ထားသင့်တယ်လို့ ဖာဒီနန်က မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ရီယိုဖာဒီနန်က “ပေါ့ဘာ အသင်းမှာ ဆက်နေမလား ထွက်ခွာသွားမလားဆိုတာကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ဂရီးလစ်ကတော့ ကျွန်တော် အတော်လေးနှစ်သက်ရတဲ့သူပါ။ ကျွန်တော့်သူကို သူဆယ်ကျော်သက်အရွယ်လောက်ကတည်းက ကောင်းကောင်းသိထားတယ်။ သူက ဘောလုံးကို အရမ်းချစ်မြတ်နိုးတဲ့သူပါ။ ရော်နယ်ဒင်ဟို မက်ဆီတို့လို ကစားသမားတွေက ပြေးအားရော အလိမ်အခေါက်ပါ ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ ထိပ်တန်းကစားသမားတွေပါ။ ဂရီးလစ်ကို သူတို့လို အဆင့်အတန်းမျိုး ရောက်ရှိနေတယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကစားနေတဲ့ပုံစံက ဒီလိုကစားသမားတွေရဲ့ပုံစံနဲ့ ဆင်တူလို့နေပါတယ်။ ဒီလိုပုံစံက ပြိုင်ဘက်ခံစစ်ကစားသမားတွေကိုပါ ထိပ်လန့်စေနိုင်တယ်။ သူက အ​တော်လေး ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဂရီးလစ်ဟာ မနှ်က ဘောလုံးရာသီကတည်းက ဗီလာအသင်းကို တန်းမဆင်းရအောင် အဓိကစွမ်းဆောင်ခဲ့သူဖြစ်သလို ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၆)ပွဲအတွင်း (၆)ဂိုးသွင်းယူထားနိုင်ခဲ့ပြီး (၉)ဂိုးအထိကို ဖန်တီးပေးထားနိုင်ခဲ့ကာ အထူးခြေစွမ်းပြသလို့နေပါတယ်။