ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမနီကွင်းလယ်ကစားသမား တိုနီကရူးစ်က သူနဲ့ ရီးယဲလ်အသင်းမှာ အချိန်အတော်ကြာ တွဲဖက်ကစားခဲ့ပြီး ဒီရာသီမှာမှ အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ သူမြင်ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးသော အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူမရှိတော့တဲ့နောက်ပိုင်း အသင်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို မသိရှိနိုင်ဘူးလို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၅ခုနှစ်ကနေစတင်ပြီး (၁၆)နှစ်အထိကို အချိန်ကြာမြင့်စွာ ပါဝင်ကစားသွားခဲ့တဲ့ စပိန်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ဒီနှစ်နွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်လိုက်ပြီး အသင်းသစ်တစ်သင်းဆီကို ပြောင်းရွှေ့ကစားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလို အသင်းတစ်သင်းတည်းမှာ (၁၆)နှစ်လောက် ပါဝင်ကစားခဲ့တဲ့ ရာမို့စ်ကို သူရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း တိုနီကရူးစ်က ရီးယဲလ်မှာပဲ ကစားသမားဘဝ ကုန်ဆုံးချိန်တဲ့အထိကို ပါဝင်ကစားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြောင်းနဲ့ ရာမို့စ်ဟာ သူ့အတွက် အကောင်းဆုံး အသင်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ကရူးစ်က “ရာမို့စ် မပါဝင်တော့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို ကျွန်တော်မသိပါဘူး။ သူအနေနဲ့ ရီးယဲလ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်မယ့်အချိန်အထိ ဆက်လက် မကစားဖြစ်နိုင်လောက်တာကတော့ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော်ကတော့ သူ့ကို ဒီမှာပဲ ဆက်ရှိနေချင်ခဲ့တာ။ သူက ပထမတန်း ကစားသမားလည်း ဖြစ်သလို ကျွန်တော်မြင်တွေ့ခဲ့ဖူးသမျှတွေထဲကမှ အရမ်းကောင်းမွန်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဆိုလည်း မမှားဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းအတွက်ဆိုရင် ကွင်းအတွင်းမှာရော ကွင်းပြင်ပဘက်မှာပါ အမြဲတမ်း တိုက်ပွဲဝင်နေတဲ့သူပါ။ သင့်အနေနဲ့ ပြိုင်ဘက်တိုက်စစ်မှူး အယောက်(၁၀၀)လောက်ကို မင်းတို့ ဘယ်ခံစစ်ကစားသမားနဲ့ ရင်ဆိုင်ရတာကို သိပ်ကြိုက်လေ့မရှိဘူးလဲလို့ မေးကြည့်ရင် အများစုက ရာမို့စ်လို့ပဲ ဖြေလိမ့်မယ်။ အဲ့ဒါကြောင့် သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားခဲ့ရတာက ကျွန်တော့်အသင်းအတွက် ထူးခြားကောင်းမွန်နေရတာ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ရာမို့စ်ဟာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေသလို ရီးယဲလ်အသင်းကလည်း ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် ဒေးဗစ်အလာဘာကို ခေါ်ယူထားခဲ့ပေမယ့် ရာဖယ်ဗာရန်းရဲ့ အနာဂတ်ကလည်း မရေရာသေးတာကြောင့် နောက်ထပ်ခံစစ်မှူးတစ်ဦးကို အလိုရှိနေပါတယ်။