ဝါရင့် အီတလီ ဂိုးသမားကြီး ဘူဖွန်က သူရဲ့ ဂျုဗင်တပ်စ်အသင်းဖော်ဟောင်း ဖရက်ဒရစ်ကိုခီယေဇာကို အခုလောက်အထိ ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ မထင်ထားမိခဲ့ကြောင်း အရိုးသားဆုံး ဝန်ခံပြောဆိုသွားခဲ့သလို အခုတော့ ခီယေဇာဟာ အီတလီအသင်းအတွက်ရော ဂျုဗင်တပ်စ်အသင်းအတွက်ပါ တကယ့်ကို အရေးပါ အရာရောက်တဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေပြီလို့ ဂိုးသမားကြီး ဘူဖွန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Jarkarta Post

အသက်(၂၃)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ခီယေဇာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြည်တွင်းဖလားတွေဖြစ်တဲ့ အီတလီစူပါဖလားနဲ့ ကိုပါအီတလီယာဖလားတွေ ပိုင်ဆိုင်ခဲ့သလို ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ခီယေဇာဟာ ယူရိုပြိုင်ပွဲမှာ အီတလီအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့လို့ လတ်တလောမှာ သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကပါ အပြိုင်စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

Photo Credit : Goal

ခီယေဇာရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး သူနဲ့ ဂျုဗင်တပ်စ်အသင်းမှာ တစ်ရာသီနီးပါး တွဲဖက်ကစားခဲ့ဖူးတဲ့ ဂိုးသမားဘူဖွန်က “ခီယေဇာ ဂျုဗင်တပ်စ်အသင်းကို စတင်ရောက်ရှိလာချိန်တုန်းက သူ့ကို အခုလောက်ထိ ခြေစွမ်းကောင်းလိမ့်မယ်လို့ကို ကျွန်တော်မထင်ထားမိခဲ့ဘူး။ ကျွန်တော် အရိုးသားဆုံး ပြောပြတာပါ။ ယူရိုပြိုုင်ပွဲအတွင်းမှာလည်း သူ သိပ်မကစားခဲ့ရဘူး။ ဒါပေမယ့် အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်လုပွဲမှာတော့ သူ့ကို ရပ်တန်ဖို့ဆိုတာက ဘယ်လိုမှကို မဖြစ်နိုင်လောက်အောင်ပါပဲ။ ဂျုဗင်တပ်စ်အသင်းမှာ တစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာလည်း သူရဲ့ခြေစွမ်းတွေအပေါ် ကျွန်တော်မအံ့သြမိခဲ့ဘူး။ ဒါပေမယ့် သူ့စွမ်းဆောင်ရည်အပေါ် ကျွန်တော်လျှော့တွက်မိတဲ့တာတွေက သူအနေနဲ့ ဥရောပချန်ပီယံရှစ်လို တကယ့်အဓိကကျတဲ့ ပြိုင်ပွဲကြီးတစ်ရပ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်လောက်ဘူးဆိုပြီး သိသာနေတာမျိုးတော့ မဖြစ်ခဲ့ဘူး။ ကစားသမားတစ်ယောက်အနေနဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ တစ်ခုခု လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဒီကစားသမားက တကယ့်ကို အထူးကစားသမားတစ်ဦး ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ လက်ရှိမှာတော့ သူရဲ့ကနဦးကလပ်အသင်းဖြစ်တဲ့ ပါးမားအသင်းကို ပြန်လည်ပြောင်းရွှေ့ထားပြီး ခီယေဇာကတော့ ဂျုဗင်တပ်စ်အသင်းမှာသာ ဆက်လက်ပါဝင်ကစားဖွယ် ရှိနေပါတယ်။