ပီအက်စ်ဂျီအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမားဖြစ်တဲ့ ဂျော်ဂျီနီယိုဝိုင်နယ်ဒန်က သူရဲ့အသင်းဟောင်းဖြစ်တဲ့ လီဗာပူးလ်အသင်းအကြောင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့သလို သူကိုယ်တိုင် လီဗာပူးလ်မှာ ဆက်လက်ရှိနေချင်ခဲ့ပေမယ့် လီဗာပူးလ်ဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးမြှင့်ကာ အသင်းမှာပဲ ဆက်လက်ထိိန်းသိမ်းသွားဖို့ ဆန္ဒမရှိခဲ့ဘူးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ဝိုင်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်ကမှ နယူးကာဆဲလ်ယူနိုက်တက်ကနေ လီဗာပူးလ်အသင်းဆီကို ပေါင်(၂၃)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို ထိပ်တန်းဆုဖလားတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝိုင်နယ်ဒန်နဲ့ လီဗာပူးလ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ (၅)နှစ်သက်တမ်းက ကုန်ဆုံးခါနီးချိန်မှာတော့ သက်တမ်းတိုးဖို့ အဆင်မပြေတော့တဲ့အတွက် ဝိုင်နယ်ဒန်က လီဗာပူးလ်ကို စွန့်ခွာခဲ့ရပြီး လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Liverpool Echo

အသင်းဟောင်း လီဗာပူးလ်နဲ့ပတ်သက်ပြီး ဝိုင်နယ်ဒန်က “ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ စိတ်ခံစားချက်အတိုင်းကို လိုက်နေမိမှာပဲ။ လွန်ခဲ့တဲ့ လအတော်ကြာလောက်က ကျွန်တော် လီဗာပူးလ်အသင်းမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ လီဗာပူးလ်အသင်းဘက်ကလည်း ကျွန်တော့်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တဲ့ အရိပ်အယောင်မျိုးကို မပြသနိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ ကျွန်တော်အနေနဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ပြင်သစ်နာမည်ကျော် L’Equipe သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ဝိုင်နယ်ဒန်က လီဗာပူးလ်အသင်းနဲ့ လမ်းခွဲဖို့ သေချာသလောက် ရှိနေချိန်မှာ သူ့ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားနေတဲ့ ကလပ်အသင်းက ဝို်င်နယ်ဒန်ရဲ့ လက်ရွေးစင်နည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းဖြစ်ပြီး ဝိုင်နယ်ဒန်ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ကြားဖြတ်ခေါ်ယူ ကမ်းလှမ်းမှုကို ပိုမိုသဘောကျခဲ့သလို အသင်းရဲ့ ရေရှည်စီမံကိန်းတွေအပေါ် စိတ်ဝင်စားခဲ့တာကြောင့် ဘာစီလိုနာထက် ပီအက်စ်ဂျီကို ရွေးချယ်ခဲ့တာလို့လည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။