မနေ့ညက ကျင်းပသွားခဲ့တဲ့ ဖူဟ်ဟမ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်ဖူလ်ဟမ်အသင်းရဲ့ အကောင်းဆုံးတုံ့ပြန်ကစားပုံကြောင့် လီဗာပူးလ်တို့ ပထမပိုင်း ပွဲကစားချိန်မှာပဲ သွင်းဂိုးစတင်ခွင့်ပြုခဲ့ရပြီး ဒီသွင်းဂိုးကိုလည်း ဒုတိယပိုင်းအရောက်မှသာ တိုက်စစ်မှူးမိုဟာမက်ဆာလာက ပင်နယ်တီကနေ ပြန်လည်ချေပနိုင်ခဲ့ကာ နောက်ထပ်သွင်းဂိုးလည်း ထပ်မရနိုင်ခဲ့တာကြောင့် တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေပွဲအဖြစ်ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Twitter

ဒီတစ်ပတ် Weekend မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း လီဗာပူးလ်ရဲ့ အနီးစပ်ဆုံးပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးက အဲဗာတန်ကိုရှုံးပြီး စပါးက ပဲလေ့စ်ကို သရေကျကာ အသီးသီးခြေချော်ထားခဲ့ပေမယ့်လည်း လီဗာပူးလ်ကတော့ ဒီအခြေအနေအပေါ်မှာ အခွင့်ကောင်းမယူနိုင်ခဲ့ပဲ ဖူလ်ဟမ်ကို တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့က “ကျွန်တော်တို့တွေ ဒီပွဲရဲ့ အစပိုင်းမှာကတည်းက အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ သူတို့တွေ အိပ်ရာကနေ နိုးထလာခဲ့မလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး(အထနှေးမှုကိုပြောဆိုခြင်း) ဒါပေမယ့် ကျွန်တော်ကတော့ မှတ်စုစာအုပ်မှာ ဘာမှမရေးမှတ်နိုင်တော့ပဲ”

Photo Credit : Goal

“မြက်ခင်းပြင်ပေါ်ကို ပစ်ပေါက်ပြီး ဒီစာအုပ်ထဲမှာ ကျွန်တော်ရေးမှတ်ထားတာတွေကို ကစားသမားတွေကိုယ်တိုင် ဖတ်ကြည့်ဖို့ ကျွန်တော်ပြောချင်မိတယ်။ ကျွန်တော်က သူတို့တွေကို သူတို့ကိုယ်တိုင် ပြန်လည်လှုပ်နိုးပြီးတော့ ပွဲကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ယှဉ်ပြိုင်စေလိုတာပါ။ ပွဲတစ်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်တယ်ဆိုတာက ကောင်းမွန်တယ်ဆိုပေမယ့် တကယ်လို့ ပွဲကို ကောင်းမွန်စွာ မစတင်နိုင်ခဲ့ဘူးဆိုရင်တောင် သင်အနေနဲ့ ပွဲကို အာရုံစိုက်ပြီး အကောင်းဆုံးပုံစံရအောင် ကြိုးစားနိုင်ပါသေးတယ်။ ဒါကြောင့်ပဲ ကျွန်တော် ကွင်းဘေးစည်းကနေ အော်ဟစ်နေခဲ့ရတာ။ ပွဲချိန် နာရီဝက်လောက်အပြီးမှာ အသင်းရဲ့ကစားပုံက နည်းနည်းကောင်းလာခဲ့တယ်။ အရမ်းတော့ မကောင်းသေးဘူး။ ဒုတိယပိုင်းမှာ ကစားတာ ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ဖူလ်ဟမ်ဘက်က သူတို့ရဲ့အရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို သူတို့ပရိသတ်တွေကလည်း အသင်းရလဒ်ကောင်းဖို့အတွက် အပြည့်အဝ အားပေးခဲ့တယ်။ ကံကောင်းခဲ့တာတွေလည်း ပါဝင်ခဲ့ပြီး ဂိုးသမားကလည်း ကာကွယ်မှုကောင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ်(၃၀)အတွင်းမှာ ပုံစံကောင်းမပြနိုင်ခဲ့ပဲ နောက်ပိုင်းမိနစ်တွေမှာပဲ ပြန်လည်တည်ငြိမ်လာခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပြီး ဒီ Weekend မှာ ဥရောပပွဲတွေ ဆင်နွဲထားရတဲ့ အသင်းတိုင်းက လိဂ်ပွဲတွေမှာ ရုန်းကန်နေရပြီး ခက်ခဲလွန်းလှတဲ့ အခိုက်အတန့်ကို ဖြတ်သန်းနေရတယ်လို့လည်း ညည်းတွားပြောဆိုလိုက်ပါတယ်။