ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားလေး ဒွန်နီဗန်ဒယ်ဘိခ်ကတော့ ဒီနေ့ည (၁၁)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးသွားဖွယ် ရှိလို့နေပြီး သူအနေနဲ့ ကွင်းလယ်နေရာစုံမှာ ပြောင်းလဲကစားနိုင်တတ်သူတစ်ယောက်ဖြစ်လို့ ဘယ်နေရာမှာပဲ ကစားရပါစေ အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက အေဂျက်စ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ ပို့ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဗန်ဒယ်ဘိခ်ကို ဥရောပအသင်းတွေများစွာကနေ စိတ်ဝင်စားလာခဲ့ကြပြီး ဒီအသင်းတွေအားလုံးထက် ယူနိုက်တက်က လက်ဦးမှုရယူနိုင်ခဲ့ကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : talkSPORT

အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ကို စတင်ကစားရတော့မယ့် ဗန်ဒယ်ဘိခ်က “ကျွန်တော် ကွင်းလယ်နေရာအစုံမှာ ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် နေရာမျိုးစုံကို ပြောင်းလဲကစားခဲ့တယ်။ အများဆုံးကစားဖြစ်တာကတော့ နံပါတ်(၆) (၈)နဲ့ နံပါတ်(၁၀)နေရာတွေမှာပါ။ ဒါက သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော့်အတွက် အားအသာဆုံးနေရာဆိုရင်တော့ ဂိုးဧရိယာထဲကို ဘောလုံးဆွဲယူသွားပြီး သွင်းဂိုးတွေသွင်းယူတတ်တာနဲ့ သွင်းဂိုးတွေကို ဖန်တီးပေးတဲ့ နေရာမျိုးပါ။ သင်အနေနဲ့ လွတ်လွတ်လပ်လပ်သာ ကစားရမယ်ဆိုရင် နေရာစုံမှာ လိုက်လံရွေ့လျား ကစားနိုင်မှာပါ။ ဟန်ချက်ညီမျှမှုရှိနေရင်တော့ အသင်းအတွက်လည်း အကျိုးရှိနေမှာပါ။ ဒါကြောင့် သင့်အနေနဲ့ ကွင်းလယ်နေရာစုံမှာ ကစားရနိုင်မှာမဟုတ်ရင်တောင် ကိုယ်ကစားရတဲ့နေရာမှာ ထက်ထက်မြက်မြက်နဲ့ ခြေစွမ်းပြပြီး ကစားရပါလိမ့်မယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ ဒီနေ့ည အိုးထရက်ဖိုဒ့်ကွင်းထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်ဇ် ပေါ့ဘာ(ပါဝင်ကစားဖို့မသေချာသေး)တို့နဲ့အတူ ပထမဆုံးအကြိမ်အဖြစ် တွဲဖက်ပြီးပွဲထွက်ကစားရဖွယ် ရှိလို့နေပါတယ်။