အသက်(၄၀)နား ကပ်နေပြီဖြစ်တဲ့ အေစီမီလန်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ရပ်တန့်သွားခြင်းမရှိပဲ အခုချိန်ထိကို မီလန်အသင်းအတွက် ဂိုးတွေများစွာ ဆက်လက်သွင်းယူပေးနေသလို သူရဲ့ဂိုးတွေနဲ့ပဲ မီလန်အသင်းရဲ့ စကူဒက်တိုအိမ်မက်တွေဟာလည်း ပိုပြီးအရာထင်လာစေခဲ့ပါတယ်။ အခုလည်း မိုဗစ်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မီလန်အသင်းအတွက် သွင်းဂိုးတွေ ရယူပေးရင်းနဲ့ ဂိုးသွင်းစံချိန်သစ်တွေကို ထပ်မံပိုင်ဆိုင်သွားခဲ့ရပြန်ပါတယ်။

Photo Credit : Twitter

အသက်(၃၉)နှစ်အရွှယ်ရှိ ဝါရင့်ဆွီဒင်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး အီဗရာဟီမိုဗစ်ဟာ မနေ့ညက ကာဂလီယာရီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စီးရီးအေပွဲစဉ်မှာ သူရဲ့အေစီမီလန်အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သွင်းယူပေးခဲ့ပြီး အနိုင်(၃)မှတ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် မိုဗစ်ရဲ့ ဒီရာသီ စီးရီးအေသွင်းဂိုးက စုစုပေါင်း(၁၂)ဂိုးအထိကို ရှိလာခဲ့ရပြီး ဂျုဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို(၁၅ဂိုး)ရဲ့ ဒုတိယနေရာမှာ အင်တာတိုက်စစ်မှူးလူကာကူ လာဇီယိုတိုက်စစ်မှူးအင်မိုဘီလီတို့နဲ့အတူ ပူးတွဲရပ်တည်လျက် ရှိနေရပါတယ်။

Photo Credit : Twitter

ဒါ့အပြင် မိုဗစ်ဟာ ဂိုးသွင်းစံချိန်သစ်တွေကိုပါ ပိုင်ဆိုင်လိုက်ရပြန်ပါတယ်။ မိုဗစ်ဟာ သူရဲ့ကစားသမားဘဝတလျှောက် ပွဲထွက်ကစားခဲ့ရတဲ့ ပွဲစဉ်(၉)ပွဲဆက်တိုက်ကို သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တဲ့ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ တိုက်စစ်မှူးကြီးမိုဗစ်က မနှစ်ကဘောလုံးရာသီအတွင်း ဆမ်ဒိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်ကနေပြီး ပွဲထွက်ကစားခဲ့ရတဲ့ စီးရီးအေ(၉)ပွဲဆက်တိုက်မှာ သွင်းဂိုးတွေကို သွင်းယူခဲ့တာဖြစ်ကာ (၉)ပွဲအတွင်း (၁၅)ဂိုးအထိ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီစံချိန်တစ်ခုတည်းတင်မကပဲ မိုဗစ်ဟာ သူရဲ့ကစားသမားဘဝအတွင်း (၂၃)နှစ်ဆက်တိုက် နှစ်တိုင်းသွင်းဂိုးရယူနိုင်ခဲ့သူအဖြစ်နဲ့ပါ ထပ်မံစံချိန်ရေးထိုးနိုင်ခဲ့ပြန်ပါတယ်။ ဒီလို စံချိန်တင်စွမ်းဆောင်ရည်တွေနဲ့ မိုဗစ်ဟာ သူရဲ့မီလန်အသင်းနဲ့ပါ စီးရီးအေချန်ပီယံဆုကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်ပါ အခြေအနေကောင်းလို့နေပြီး လပိုင်းသာ ကျန်ရှိတော့တဲ့ သူရဲ့စာချုပ်သက်တမ်းကိုလည်း ထပ်မံတိုးမြှင့်သွားဖွယ် ရှိလို့နေပါတယ်။ လက်ရှိမှာတော့ မီလန်ဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ နောက်ထပ်ဝါရင့်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ မာရီယိုမန်ဇူကစ်ဇ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့ နီးစပ်လျက်ရှိနေသလို အသင်းရဲ့ တူရကီကွင်းလယ်ကစားသမား ချာဟာနိုဂလူးကိုပါ စာချုပ်သက်တမ်းတိုးသွားဖို့အတွက် အခြေအနေကောင်းလျက် ရှိနေပါတယ်။