ဝုလ်ဗ်အသင်းရဲ့ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နဲလ်ဗက်စ်က မနေ့ညက ယှဉ်ပြိုင်ကျင်းပခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း သူတို့အသင်းဘက်ကို ပင်နယ်တီသတ်မှတ်ခဲ့ပြီးနောက် ပင်နယ်တီကို အသင်းရဲ့တိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်ကန်သွင်းခဲ့ရာ ဂိုးဝင်ခြင်းမရှိခဲ့ပဲ အဲ့ဒီပင်ကန်တီကန်သွင်းချက်အတွင်းမှာ ဆီဗီလာနောက်ခံကစားသမား ဒီယေဂိုကားလို့စ်က ပင်နယ်တီဧရိယာထဲ ဝင်ရောက်လာခဲ့တဲ့အပေါ် ပင်နယ်တီပြန်ကန်ခွင့်မပေးတဲ့အတွက် VAR ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်လိုက်ပါတယ်။

Photo Credit : Daily Mail

ဝုလ်ဗ်အသင်းဟာ ပထမပိုင်း (၁၂)မိနစ်အတွင်းမှာ ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့လို့ အသင်းရဲ့မက္ကဆီကို တိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်ကနေ သွင်းယူခဲ့ပေမယ့် ဆီဗီလာဂိုးသမားက ကာကွယ်ခဲ့လို့ ပွဲကိုစောစောစီးစီး ဦးဆောင်နိုင်မယ့် အခွင့်အရေးကနေပါ လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဂျီမီနက်ဇ် ပင်နယ်တီကန်သွင်းချိန်မှာ ဆီဗီလာဘက်က ကစားသမားတချို့ ပင်နယ်တီစည်းမျဉ်းထဲ ဝင်ရောက်လာခဲ့တဲ့အပေါ် ဝုလ်ဗ်အသင်းသားတွေက စောဒကတတ်ခဲ့ပြီး ပင်နယ်တီပြန်ကန်သွင်းဖို့ တောင်းဆိုခဲ့ပေမယ့်လည်း VAR ကနေ ဒီအဖြစ်အပျက်အပေါ် ပြန်လည်စစ်ဆေးခြင်းမရှိပဲ ပင်ကန်တီပြန်ကန်ခွင့်ကို ခွင့်ပြုခဲ့ခြင်း မရှိလိုက်ပါဘူး။

Photo Credit : Daily Mail

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝုလ်ဗ်အသင်းရဲ့ကွင်းလယ်ကစားသမား ရူဘန်နဲလ်ဗက်စ်က VAR ကို ဝေဖန်သွားခဲ့ပြီး “အဲ့ဒီပင်နယ်တီ ကန်သွင်းနေတုန်းက VAR က အိပ်ပျော်နေတာလားလို့ ကွင်းလယ်ဒိုင်ကို မေးလိုက်မိသေးတယ်။ ဘာလို့လဲဆိုတော့ ပင်နယ်တီကန်သွင်းနေချိန်တုန်းက ဆီဗီလာကစားသမား ဧရိယာထဲကို ရောက်နေတယ်။ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တုန်းကလည်း ကျွန်တော်တို့တွေ ဒီလိုပဲ ကြုံတွေ့ခဲ့ရဖူးတယ်။ ဒီဖြစ်ရပ်ကို ဒိုင်လူကြီးဆီ မေးမြန်းလိုက်တော့လည်း သူက မတွေ့ခဲ့ဖူးလို့ပဲ ပြန်လည်ဖြေဆိုတယ်။ ဘာလို့ဒီလိုအဖြေမျိုးကို ထွက်ဆိုခဲ့ရတာလဲ။ ဒါကနေ ပွဲတစ်ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ရတယ်လေ။ ယူအီးအက်အေကနေ စည်းမျဉ်းတစ်ခုကို ချမှတ်ထားပေးတာကို အားလုံးက လိုက်နာသင့်တယ်မဟုတ်လား။ ဒီလိုဖြစ်ရပ်တွေဆိုတာကလည်း တစ်ပွဲတစ်လေမှတောင် မဟုတ်တော့ဘူး။ နောက်ပွဲတွေအထိကိုပါ တောက်လျှောက်ဖြစ်နေရပြီ” လို့ ဝေဖန်စကားဆိုသွားခဲ့ပါတယ်။ ဒီပင်နယ်တီကန်ချက်မှာ ဆီဗီလာနောက်ခံလူသာ ဧရိယာထဲကို ဝင်ရောက်နေမိတာတင်မကပဲ ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ ဆီဗီလာဂိုးသမားမှာလည်း Save လုပ်နေချိန်မှာ ဂိုးစည်းပေါ် ခြေထောက်နှစ်ဖက်လုံးက ရှိမနေပဲ ဂိုးသမားရဲ့ဘယ်ဘယ်ခြေထောက်က စည်းအရှေ့ရောက်နေတာကိုလည်း ရုပ်သံတွေကနေ တွေ့မြင်ခဲ့ရပါသေးတယ်။