မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁) ဖူလ်ဟမ်နဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း အာဆင်နယ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ဟာ လက်ရှိနွေစျေးကွက်အတွင်းမှာ အနာဂတ်တွေက အရမ်းကို လှုပ်ခတ်လွန်းနေသူဖြစ်ပြီး အသင်းမှာ ပျော်ရွှင်မှုမရှိတော့ပဲ ထွက်ခွာသွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လာကာဇက်ကတော့ အာဆင်နယ်မှာပဲ ပျော်ရွှင်နေတယ်လို့ ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ဒီနှစ်ရဲ့နွေစျေးကွက်အတွင်းမှာ အာဆင်နယ်နဲ့ လက်တွဲဖြုတ်ဖို့ သတင်းကြီးခဲ့သူဖြစ်ပြီး အထောင်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လာကာဇက်ဟာ အသင်းနဲ့ လမ်းခွဲခဲ့ခြင်းမရှိတဲ့ အသင်းအတွက် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာပါ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို သူရဲ့မျက်နှာမှာလည်း ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာကာဇက်က “ကျွန်တော်အာဆင်နယ်မှာ ပျော်ရွှင်နေပါတယ်”

Photo Credit : Daily Mail

“အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်ဆိုတာက သတင်းမီဒီယာတွေရဲ့ဖော်ပြချက်သက်သက်ပါပဲ။ ကျွန်တော်က ဒီကိုစရောက်ချိန်ကတည်းကနေ အသင်းမှာ အမြဲပျော်ရွှင်နေတဲ့သူပါ။ အသင်းနဲ့လည်း ဆုဖလားတွေများစွာကို ရယူသွားချင်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ အသင်းနဲ့ အက်အေဖလားကို အရယူနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ အသင်းရဲ့နိုင်ပွဲကတော့ ရာေသီသစ်မှာ တာထွက်ကောင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကျွန်တော်တို့က အနိုင်ရလဒ်နဲ့ Clean Sheet နိုင်ပွဲကို အလိုရှိခဲ့တာပါ။ ခံစစ်ပိုင်းအရဆိုရင်လည်း ခံစစ်ကစားသမားတွေက နည်းပြလိုချင်တဲ့ ပုံစံအတိုင်း အကောင်းဆုံးပုံဖော်ကစားပြသွားခဲ့တယ်။ နောက်ဆုံးမှာတော့ အသင်းက နိုင်ပွဲရခဲ့တဲ့အတွက် အားလုံးပျော်ရွှင်ခဲ့ရပါတယ်” လို့ အာဆင်နယ်အသင်းရဲ့ဝက်ဆိုဒ်ကနေ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လာကာဇက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ အရေအတွက် နည်းနည်းသာ ရရှိခဲ့သလို သွင်းဂိုးတွေလည်း နည်းပါးခဲ့သူဖြစ်လို့ အခုနွေစျေးကွက်အတွင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ နီးစပ်နေတယ်ဆိုပြီး ကောလဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် လာကာဇက်ကတော့ အသင်းမှာပဲ ဆက်လက်ရှိနေဖွယ်သာရှိတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။