MySport Myanmar

“ကျွန်တော်က ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တစ်ဦးပါပဲ” – အန်စလော့တီ

ဒီနေ့ည ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်သွားကြမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်နဲ့ ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ ရီးယဲလ် နည်းပြကြီး ကားလို့အန်စလော့တီက အခု သူ ရင်ဆိုင်သွားရမယ့် သူ့အသင်းဟောင်း ချဲလ်ဆီးရဲ့ လက်ရှိအခြေအနေတွေအပေါ် စိတ်မကောင်းကြောင်းနဲ့ သူက ချဲလ်ဆီးအသင်းကို အားပေးသူဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : UEFA

ရီးယဲလ် နဲ့ ချဲလ်ဆီးအသင်းတို့က ဒီနောက်ပိုင်းနှစ်တွေထဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကြိမ်ကြိမ် တွေ့့ဆုံထားခဲ့ကြပြီး အခုကလည်း (၃)ရာသီဆက်တိုက် ဆုံတွေ့မှု ဖြစ်ပါတယ်။ အရင် (၂)ကြိမ် တွေ့ဆုံမှုမှာ တစ်သင်းဆီ အနိုင်ယူ ကျော်ဖြတ်ခဲ့ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ချန်ပီယံပါ တစ်ကြိမ်စီ ဖြစ်ခဲ့ရပါတယ်။ အခု ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ဘယ်လို ရလဒ်တွေ ထွက်လာမလဲ။ ဘယ်အသင်းက ကျော်ဖြတ်သွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Photo Credit : Football365

ဒီပွဲနဲ့ ပတ်သတ်ပြီး ရီးယဲလ် နည်းပြကြီး အန်စလော့တီက “မနှစ်က ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ အများကြီး ခံထားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို လေးစားမှု ရှိရပါမယ်။ သူတို့အသင်းမှာ ကစားသမားကောင်းတွေလည်း ရှိနေတယ်။ အခုပွဲအတွက်ကိုလည်း သေချာပေါက် စိတ်အားတတ်နေပါလိမ့်မယ်။ ချဲလ်ဆီးအသင်းရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သူတို့ရဲ့ အဆင့်ရပ်တည်မှုတွေကြောင့် ကျွန်တော် ဝမ်းနည်းနေမလားဆိုရင် ဟုတ်တယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီအသင်းမှာ တကယ်ကို ကြည်နူးစရာ အခိုက်အတန့်ကောင်းတွေ အများကြီး ရှိခဲ့တယ်။ ကျွန်တော်ကလည်း ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တစ်ယောက်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

အသက် (၆၃)နှစ်အရွယ်ရှိ အီတလီလူမျိုး နည်းပြကြီး အန်စလော့တီဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ဝင်ရောက် ကျင်လည်ခဲ့ဖူးပြီး သူရဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလား နဲ့ အက်အေဖလား တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Exit mobile version