လက်ရှိမှာ ရလဒ်တွေ ဆိုးရွှားလျက်ရှိနေတဲ့အပြင် UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်မှာလည်း စပိန်လက်ရွေးစင်အသင်းကို (၆)ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲ ရှံးနိမ့်ခဲ့ရတဲ့ ဂျာမနီလက်ရွေးစင်အသင်းဟာ သူတို့ရဲ့နည်းပြဖြစ်သူ ယိုအာဟင်းလိုးကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့အထိ ပြင်ဆင်လာခဲ့ပြီး သူ့ကို ထုတ်ပယ်ခဲ့ရင်လည်း သူ့နေရာအတွက် ဂျာမန်နိုင်ငံသား နည်းပြတစ်ယောက်ဖြစ်တဲ့ လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့နဲ့ အစားထိုးသွားဖွယ်ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ခြင်းကို ကလော့ဘက်ကတော့ ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၅၃)နှစ်အရွှယ်ရှိ ယာဂင်ကလော့က သူအနေနဲ့ လက်ရှိအချိန်မှာ အရမ်းကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နေရပြီး အရမ်းထူးခြားကောင်းမွန်တဲ့ ကလပ်အသင်းတစ်သင်းကိုလည်း ကိုင်တွယ်နေရတာဖြစ်လို့ ဂျာမန်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကို စိတ်ဝင်စားခြင်းမရှိဘူးလို့ ပယ်ချသွားခဲ့ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲအတွင်း ကလော့ကို သတင်းထောက်တစ်ဦးကနေ ဂျာမန်နည်းပြရာထူးအတွက် စဉ်းစားထားခြင်းရှိပါသလားလို့ မေးမြန်းလာခဲ့ရာ ကလော့က “ဒီမေးခွန်းကတော့ ကျွန်တော်ရဲ့ဘဝတလျှောက်မှာ မကြာခဏကို အမေးခံရတဲ့ မေးခွန်းတစ်ခုလို့တောင် ကျွန်တော်ထင်မိပါတယ်”

Photo Credit : DW

“အနာဂတ်မှာဆိုရင်တော့လည်း ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ ဒါပေမယ့် အခုဆိုရင်တော့ No လို့ပဲ ပြောရမယ်။ ကျွန်တော့်မှာ အချိန်မရှိဘူး။ ကျွန်တော့်မှာ အလုပ်ရှိနေတယ်။ အရမ်းကို ကောင်းမွန်လှတဲ့ အလုပ်တစ်ခုလို့ ပြောရမယ့် အလုပ်မျိုးပါ။ တချို့က ကျွန်တော်လီဗာပူးလ်အသင်းမှာ အလုပ်လုပ်နေတာကို မသိကြတာလားတော့ ကျွန်တော်လည်း သေချာနားနားမလည်ဘူး။ ကျွန်တော်ဒီမှာ တာဝန်ယူဆောင်ရွက်သွားရမယ့်ကိစ္စတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်ကိုမှ ပြောင်းရွှ့သွားမှာ မဟုတ်သလို စိန်ခေါ်မှုအသစ်တွေကိုလည်း ရှာဖွေနေမှာ မဟုတ်ပါဘူး။ မနက်အိပ်ရာထကတည်းကနေ ရောက်ရှိလာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာနဲ့ပဲ ကျွန်တော့်အတွက် လုံလောက်နေပါပြီ” လို့ ရှင်းလင်းဖြေဆိုသွားခဲ့ပါတယ်။ ကလော့ဟာ ၂၀၁၅ခုနှစ်ကမှ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို အရယူပေးနိုင်ခဲ့တဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိစာချုပ်အရ ၂၀၂၄ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ကလော့ဟာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ခုနှစ်အထိ အသင်းကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး သက်တမ်းကုန်ချိန်ရောက်မှသာ အသင်းနဲ့ လမ်းခွဲကာ နည်းပြလောကထဲကနေလည်း တစ်နှစ်လောက် အနားယူဖွယ်ရှိနေပါတယ်။