MySport Myanmar

ချယ်လ်ဆီးဆီ ပြောင်းရွှေ့တော့မယ့် အာဆင်နယ် လူငယ်ကြယ်ပွင့် ဟက်ချင်ဆန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် ဟက်ချင်ဆန်က ခါးသီး မြို့ခံပြိုင်ဘက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဟက်ချင်ဆန်က လက်ရှိ အာဆင်နယ် အကယ်ဒမီထွက် ကစားသမားတွေ အနက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်သူ တဦး ဖြစ်ပြီး သူက ၁၈နှစ်သာ ရှိသေးပေမယ့် အာဆင်နယ်ရဲ့ ယူ-၂၁အသင်း အတွက် ပါဝင် ကစားပေးခွင့် ရှိနေသူပါ။

Photo Credit: Sky Sports

ဟက်ချင်ဆန်က အာဆင်နယ် ယူ-၁၈အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ယူ-၂၁အသင်းဆီ ရောက်ရှိခဲ့ပြီး ယူ-၂၁အသင်း အတွက် ၂၂ပွဲ ဝင်ရောက် ကစားပေးခဲ့ချိန်မှာလည်း သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထုတ်ပြနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လူငယ်ကြယ်ပွင့်တွေကို စုဆောင်းလေ့ ရှိတဲ့ ချယ်လ်ဆီးက ဟက်ချင်ဆန်ကို ခေါ်ယူဖို့ ကြိုးစားလာခဲ့ပြီး ဟက်ချင်ဆန်ကလည်း နောက်ပိုင်းနှစ်တွေမှာ လူငယ် ကစားသမားတွေကို စင်တင်ပေးနိုင်စွမ်း ရှိတဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပါတယ်။

Photo Credit: Sky Sports

လူငယ် ကစားသမားတွေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် ဖြစ်တဲ့ Secret Scout သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟက်ချင်ဆန်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး မကြာခင်မှာပဲ ချယ်လ်ဆီးက ဟက်ချင်ဆန်အတွက် အာဆင်နယ်ထံ လျော်ကြေးပေးကာ ဟက်ချင်ဆန်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာတော့မယ်လို့ သိရပါတယ်။

Exit mobile version