ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက နောက်ခံလူ ဟမ်းမဲလ် ကတော့ ဥရောပ ထိပ်တန်းအသင်းကြီး များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိထားကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို စွန့်ခွာဖို့ ကျိန်းသေလုနီးပါး ဖြစ်နေတဲ့ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းအနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာမယ် ဆိုရင် ရုန်းကန်ရလိမ့်မယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ဆဲလ်ဘက်အသင်း ကနေ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းဆီ စတင် ရောက်ရှိတဲ့ အချိန်ထဲက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းကို သက်သေပြထားနိုင်သူပါ။

Photo Credit: Bild

ဟာလန်းဟာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၉ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဥရောပ အကောင်းဆုံး တိုက်စစ်မှူးဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မယ့် လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ဟာလန်းကလည်း ဒေါ့မွန်အသင်းထက် ဆုဖလားတွေကို ပိုမို စိန်ခေါ်နိုင်မယ့် ဥရောပ အသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒပြင်းပျနေပါတယ်။

Photo Credit: Bild

လက်ရှိမှာတော့ ဒေါ့မွန်အသင်းက ဟာလန်းကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ဟာလန်းဟာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ငြင်းဆန်ထားပြီး ဒေါ့မွန်အသင်းရဲ့ အဓိက နောက်ခံလူ ဟမ်းမဲလ်ကတော့ ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းမှာ ဆက်နေသင့်ကြောင်းနဲ့ ဒေါ့မွန်အသင်း ကနေ ထွက်ခွာမယ် ဆိုရင် နောင်တရလာနိုင်ကြောင်း အသိပေးသွားခဲ့ပါတယ်။

ဟမ်းမဲလ်က – “တကယ်လို့ ဟာလန်းသာ အသင်းမှာ ဆက်နေဖြစ်မယ် ဆိုရင် သူ ဘာ့ကြောင့် ဒီလို ဆုံးဖြတ်လဲ ဆိုတာကို ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ့မွန်အသင်းက သူ့အတွက် အသင့်တော်ဆုံး ဖြစ်နေလို့ပါ။ ဒေါ့မွန်အသင်းမှာ သူ့အနေနဲ့ ဘာတွေ ရနေလဲ ဆိုတာကို သူ ကောင်းကောင်း သိပါတယ်။ ကျွန်တော်ကတော့ သူဟာ အသင်းမှာ အချိန်အကြာကြီး ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေဆဲပါ။ တခြားအသင်း တသင်းကို ပြောင်းသွားရင် ဒီလိုပဲ ခြေစွမ်းပြနိုင်မယ်လို့ တရားသေ ပြောလို့ မရဘူးလေ။ ဘောလုံးလောကမှာ ဘာတွေ ဖြစ်နိုင်လဲ ဆိုတာ ခင်ဗျားတို့လည်း သိကြတာပဲ” လို့ သတိပေးခဲ့တာပါ။။