ဘရာဇီးတိုက်စစ်ကစားသမားကြီး ဟော့ခ်ကတော့ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကို တရားဝင်ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဘောလုံးသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ်မရှိသေးတဲ့အတွက် နောက်ထပ်အသင်းသစ်တစ်သင်းကို ထပ်မံရှာဖွေသွားမှာဖြစ်ပြီး လတ်တလောမှာလည်း ဟော့ခ်ကို ဥရောပဘောလုံးနယ်ပယ်များစွာက ဘောလုံးအသင်းတွေကနေ မျက်စိကျလို့နေပြီး မကြာခင်မှာပဲ အသင်းသစ်တစ်သင်းကို ရွေးချယ်ဖွယ် ရှိနေပါတယ်။

Photo Credit  : BeSoccer

အသက်(၃၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားဟော့ခ်ဟာ ရှန်ဟိုင်းSIPG အသင်းမှာ (၄)နှစ်တာအထိ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ တရုတ်စူပါလိဂ် အမှတ်ပေးဖလားနဲ့ တရုတ်အက်အေစူပါလိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဟော့ခ်ဟာ ရှန်ဟိုင်းအသင်းအတွက် ပွဲပေါင်း(၁၅၀)ဝန်းကျင်လောက်အထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးပေါင်းလည်း (၇၀)လောက်အထိကို သွင်းယူထားနိုင်ခဲ့သူဖြစ်လို့ အသင်းဘက်ကနေ သူ့ကို စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ဟော့ခ်ဘက်ကနေ ကမ်းလှမ်းချက်ကို လက်မခံခဲ့ပဲ အခြားသော စိန်ခေါ်မှုအသစ်တွေကိုပဲ ရင်ဆိုင်ဖို့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit  : Youtube

ဟော့ခ်ဟာ ဘရာဇီးကလပ် ဗစ်တိုးရီးယားအသင်းနဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဂျပန်ဂျေလိဂ်ကလပ်များစွာမှာ ဖြတ်သန်းဖြစ်ခဲ့ကာ ၂၀၀၈ခုနှစ်အရောက်မှာပဲ ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဟော့ခ်ဟာ ပေါ်တိုအသင်းမှာ ယူရိုပါလိဂ်ဖလားအပါအဝင် ပေါ်တူဂီအမှတ်ပေးဖလားတွေကိုပါ ရယူနိုင်ခဲ့ပြီး အသင်းနဲ့ (၄)ရာသီ ဖြတ်သန်းဖြစ်ခဲ့ပြီးနောက် ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ရုရှားမြေမှာလည်း အထိုက်အလျောက် အောင်မြင်နိုင်ခဲ့ပါတယ်။ ဒီလို ပေါ်တူဂီနဲ့ ရုရှားမြေမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဟော့ခ်အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ လိဂ်ပြိုင်ပွဲတွေ ကလပ်အသင်းတွေထက် ပိုုမိုမြင့်မားတဲ့နေရာကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ၂၀၁၆မှာပဲ တရုတ်စူပါလိဂ်ပြိုင်ပွဲဆီကိုပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အခုတော့ ဟော့ခ်က တရုတ်မှာ ဖြတ်သန်းနေရတဲ့ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ပြီး သူ့ကိုကမ်းလှမ်းထားတဲ့ အသင်းတွေဆီကမှ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။ ဟော့ခ်ရဲ့ပြောဆိုချက်တွေအရ သူ့ကို မွေးရပ်မြေ ဘရာဇီးဘက်က ကလပ်အသင်းတွေအပြင် အင်္ဂလန် ဂျာမနီ အီတလီနဲ့ စပိန်ကလပ်အသင်းတွေက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြသလို တရုတ်စူပါလိဂ် ကလပ်အသင်းတွေလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီလို နယ်ပယ်စုံကနေ ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့် ဟော့ခ်ကတော့ ဥရောပနယ်ပယ်ကိုသာ ပြန်လည်ပြောင်းရွှေ့ဖွယ်သာ ရှိနေပါတယ်။