MySport Myanmar

စပါးအသင်းကနေ ထွက်ခွာပြီးမှ ဆုဖလား ပိုင်ဆိုင်ခဲ့ရတဲ့ ဂိုးသမားကြီး လိုရစ်

တော့တင်ဟမ် ဟော့စပါးအသင်းမှာ နှစ်ကာလများစွာ ပါဝင်ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေနဲ့ လွဲချော်ခဲ့ရတဲ့ ပြင်သစ် ဝါရင့်ဂိုးသမားကြီး ဟူဂို လိုရစ်ကတော့ စပါးကနေ ထွက်ခွာပြီးချိန်မှာတော့ ဆုဖလားတစ်ခုကို ဆွတ်ခူးနိုင်ခဲ့ရပြီပဲ ဖြစ်ပါတယ်။

အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင်ဟောင်း ဂိုးသမားကြီး လိုရစ်ဟာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာပဲ စပါးကနေ ထွက်ခွာပြီး အမေရိကန် မေဂျာလိဂ်ကလပ် လော့အိန်ဂျယ်လိစ် အက်စ်စီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit : Transfermarket

စပါးအသင်းမှာ ၂၀၁၂ခုနှစ်ကနေ စတင်ပြီး ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားဖြစ်ခဲ့တဲ့ လိုရစ်ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကိုရော ပြည်တွင်းရှုံးထွက်ပြိုင်ပွဲဖြစ်တဲ့ လိဂ်ဖလားပြိုင်ပွဲရဲ့ ဗိလ်လုပွဲကိုပါ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့် အခုတော့ မေဂျာလိဂ်ဆီ ရောက်ရှိသွားခဲ့တဲ့ ဂိုးသမားကြီး လိုရစ်ဟာ လော့အိန်ဂျယ်လိစ်အသင်းနဲ့အတူ ဆုဖလားကြီးတစ်လုံးကို စတင် ပိုင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ LAFC လို့ ခေါ်ဆိုကြတဲ့ လော့အိန်ဂျယ်လိစ် အက်စ်စီအသင်းဟာ လွန်ခဲ့တဲ့ (၉)နှစ်ကမှ စတင် တည်ထောင်ခဲ့တဲ့ သက်တမ်းနု အသင်းတစ်သင်းဖြစ်ပြီး အသင်းမှာတော့ လိုရစ် ဂျရူးတို့လို ပြင်သစ် ဝါရင့်ကစားသမားကြီးတွေလည်း ပိုင်ဆိုင်ထားပါတယ်။

Photo Credit : Foot Nation

၂၀၂၂ခုနှစ်တုန်းက MLS Cup ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ လော့အိန်ဂျယ်လိစ်ဟာ အခုတော့ အသင်းသမိုင်းတစ်လျှောက် တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ဆုဖလားတစ်ခုဖြစ်သော US Open Cup ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လော့အိန်ဂျယ်လိစ်အသင်းနဲ့အတူ ဂိုးသမားကြီး လိုရစ်ဟာလည်း ကလပ်အသင်း ကစားသမားဘဝရဲ့ တတိယမြောက် ဆုဖလားကို ပိုင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၄ခုနှစ် US Open Cup ဗိုလ်လုပွဲမှာ လိုရစ်ရဲ့ လော့အိန်ဂျယ်လိစ် အက်စ်စီအသင်းနဲ့ ကန်ဆက်စီးတီးအသင်းတို့ ဆုံတွေ့ခဲ့ရာ သာမန်ပွဲကစားချိန်မှာ (၁)ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားရာ အချိန်ပိုမှာပဲ လော့အိန်ဂျယ်လိစ်က အနိုင်ဂိုးတွေ သွင်းယူရင်း US Open Cup ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

Exit mobile version