MySport Myanmar

စပါး အသင်းအတွက် ထပ်မံ ကစားပေးနိုင်ဖွယ် မရှိတော့တဲ့ ဟူဂို လိုရစ်

စပါးအသင်းရဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂို လိုရစ်က လက်ရှိမှာ ကြွက်သား ဒဏ်ရာ ပြသာနာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တဲ့အပြင် အသင်းက ဂိုးသမားသစ် တစ်ဦးပါ ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် လိုရစ်ရဲ့ စပါး ကစားသမားဘဝက အဆုံးသတ်သွားဖွယ် ရှိနေရပါတယ်။

Photo Credit : Goal

စပါးအသင်းမှာ ဆယ်စုနှစ် တစ်ခုအကြာအထိ ပါဝင် ကစားထားခဲ့ဖူးသူ ပြင်သစ် ဂိုးသမားကြီး လိုရစ်ဟာ ဒီနောက်ပိုင်းမှာ သူရဲ့အသက်အရွယ်ကြောင့် လက်စွမ်းပိုင်းတွေ ကျဆင်းလာခဲ့ရပြီး အမှားအယွင်းတွေလည်း များပြားလာတာကြောင့် သူ့ကို အသင်းဘက်က စွန့်လွတ်သွားချင်လာခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၆)နှစ်အရွယ် ဂိုးသမားကြီး လိုရစ်ဟာ စပါးအသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လက်ရှိ သူရဲ့ အခြေအနေတွေကြောင့် စပါးဘက်က လိုရစ်ကို စွန့်လွတ်ဖွယ်သာ ရှိနေပါတယ်။

Photo Credit : Football365

စပါးအသင်းအနေနဲ့ အသင်းရဲ့ ဂိုးသမားသစ်တွေအဖြစ် အဲဗာတန်ရဲ့ အင်္ဂလန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် နဲ့ ဘရန့်ဖို့ဒ်ရဲ့ စပိန် ဂိုးသမား ဒါးဗစ်ရာယာတို့ နှစ်ဦးလုံးကို ပစ်မှတ်ထားနေပြီး ပစ်ဖို့ဒ်က မကြာသေးခင်ကမှ အဲဗာတန်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားတာဖြစ်လို့ ရာယာကိုပဲ အာရုံစိုက်ဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းကလည်း စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ဂိုးသမား ဒင်းဟန်ဒါဆန်ကိုပါ အလိုက်ပေး ကမ်းလှမ်းလာဖို့ ရှိနေတဲ့အတွက် ဒီကမ်းလှမ်းမှုကိုရော စပါးဘက်ကနေ လက်ခံလာနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Sports Planet

လက်ရှိ စပါးအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူထားတဲ့ ရိုင်ယန် မေဆန်က အသင်း ဂိုးသမား လိုရစ်အနေနဲ့ ကြွက်သား ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမှာဖြစ်ကြောင်းနဲ့ ရိုင်ယန် ဆက်ဆီနွန်ကလည်း တံကောက်ကြော ဒဏ်ရာကြောင့် ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲထဲ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက အနားယူနေရတဲ့ ကွင်းလယ်လူ ဘစ်ဆူးမားကတော့ ရာသီမကုန်ခင်မှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်လိမ့်မယ်လို့ မေဆန်က အတည်ပြုသွားခဲ့ပါတယ်။

Exit mobile version