ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေရတဲ့ တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို အသင်းကနေ ရောင်းထုတ်ဖို့အတွက်ဆိုရင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံစဉ်းစားသွားနိုင်မှာ ဖြစ်တယ်လို့ နာပိုလီအသင်းရဲ့ ဒါရိုက်တာ ဂျန်တိုလီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

နိုင်ဂျီးရီးယားလက်ရွေးစင် ထိပ်တန်းတိုက်စစ်ကစားသမား အိုဆင်မန်ကို မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် ဥရောပ ကလပ်အသင်းကြီးတွေက ပစ်မှတ်ထားနေကြပြီး နာပိုလီဘက်ကလည်း သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်သူ အိုဆင်မန်အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းခံရမယ်ဆိုရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် နာပိုလီက အိုဆင်မန်ကို လိုင်လီကနေ ခေါ်ယူခဲ့စဉ်ကတည်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ထိ ပေးချေထားခဲ့ရတာဖြစ်လို့ အသင်းကနေ ပြန်လည်ရောင်းချချိန်မှာ သူတို့ခေါ်ယူထားတုန်းက အသုံးပြုထားတာထက် ပိုမို အလိုရှိနေတာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

အိုဆင်မန်ဟာ ၂၀၂၀ခုနှစ်ကမှ လိုင်လီကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် နာပိုလီအသင်းနဲ့ (၂)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီးပြီဖြစ်ကာ စုစုပေါင်း (၂၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နာပိုလီ ကစားသမားဘဝ ဒုတိယမြောက် ရာသီမှာ ဂိုးသွင်းအားတွေ ပိုမိုကောင်းမွန်လာခဲ့တဲ့ အိုဆင်မန်ကို လက်ရှိမှာ ယူနိုက်တက်အသင်းက အဓိက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လမ်းခွဲရဖွယ် ရှိနေတဲ့ ယူနိုက်တက်အသင်းဟာ ရော်နယ်လ်ဒိုရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့ တိုက်စစ်ကစားသမား အမျးအပြားကို ချိန်ရွယ်ထားလျက် ရှိနေရာ အိုဆင်မန်လည်း အပါအဝင် ဖြစ်နေရပါတယ်။ ဒါပေမယ့် အိုမင်ဆန်နဲ့ ပတ်သက်ပြီး နာပိုလီဒါရိုက်တာ ဂျန်တိုလီက “အိုဆင်မန်အတွက် ကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။ ကစားသမားရဲ့ အခြေအနေကို စုံစမ်းဖို့အတွက်ပဲ ဖုန်းခေါ်ဆိုမှုတချို့ကိုသာ လက်ခံရရှိထားပါတယ်။ အိုဆင်မန်ကို ရောင်းချဖို့အတွက် အမှန်တကယ် ကြီးမားတဲ့ ကမ်းလှမ်းမှုကြီးကို လိုအပ်နေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အိုဆင်မန်ရဲ့ လက်ရှိတန်ကြေးဟာ ယူရို(၆၅)သန်းသာ တန်ကြေးရှိနေပေမယ့်လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အနည်းဆုံး ပြောင်းရွှေ့ကြေး သန်း(၈၀)လောက် ရရှိမှသာ အသင်းကနေ လက်လွတ်သွားဖွယ်လည်း ရှိနေပါတယ်။