မန်ယူ ကွင်းလယ်လူ တွန်မိနေးကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ဒူးဒဏ်ရာ ရရှိစဉ်ကတည်းက အနားယူနေခဲ့ရပေမဲ့ အခုတော့ ဘရူဂေးအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင် လေ့ကျင့်ရေး ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ တွန်မိနေးဟာ ဒဏ်ရာ မရခင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ အားကိုးရာ ကွင်းလယ်လူ ကစားသမား ဖြစ်ခဲ့ပြီး ဒီနေ့ ဗုဒ္စဟူးနေ့ မနက်က လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပါပြီ။

Photo Credit: DailyMail

မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တာကြောင့် လက်ရှိရာသီမှာ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ်တိုင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီအပတ် ကြာသပတေးနေ့ည (၁၂း၂၅) အချိန်မှာ ကလပ်ဘရူဂေးအသင်းနဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ နိုင်ပွဲ ရရှိနိုင်ဖို့အတွက် အဓိက ကစားသမားတွေပါ အသုံးပြုလာနိုင်ပါတယ်။

Photo Credit: DailyMail

ဒူးဒဏ်ရာက ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်တဲ့ ကွင်းလယ်လူ တွန်မိနေးဟာ ဒီနေ့ ဗုဒ္စဟူးနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းဖော်တွေနဲ့ ဘောလုံးဆွဲပြေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။ တွန်မိနေးရဲ့ အသင်းဖော် နောက်ခံလူ တွမ်ဇီဘီကလည်း မန်ယူအသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းလာခဲ့ပြီ ဖြစ်လို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ အကောင်းဆုံး ကစားကွက်ကို ပုံဖော်နိုင်ဖို့ အခွင့်အရေး ပိုများသွားပြီ ဖြစ်ပါတယ်။