ကိုဗစ်ပြသာနာကြောင့် ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နောက်ပိုင်းကတည်းက အနားယူနေရတဲ့ အာဆင်နယ် နောက်ခံကစားသမားသစ် ဘင်ဝှိုက်နဲ့ Mind Series ရန်ပုံငွေပွဲမှာ ဒဏ်ရာရသွားခဲ့လို့ အသင်းရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတဲ့ ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးတို့နှစ်ယောက်ဟာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီဖြစ်လို့ စနေနေ့ည နောဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ အသင်းအတွက် ပြန်လည်ကစားပေးဖွယ် ရှိနေပါတယ်။

Photo Credit : Arseblog Blog

အသက်(၂၈)နှစ်အရွှယ်ရှိ ဂါနာကွင်းလယ်ကစားသမား ပါတေးဟာ ချယ်လ်ဆီးအသင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ပုံငွေ ခြေစမ်းပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွွားခဲ့တာကြောင့် တစ်လနီးပါးလောက် အနားယူလိုက်ရပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၃)ပွဲအထိကို လွဲချော်ထားခဲ့ရပါတယ်။ ဘရိုက်တန်အသင်းကနေ အာဆင်နယ်ဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဘင်ဝှိုက်ကတော့ အသင်းနဲ့အတူ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဘရန့်ဖိုဒ့်နဲ့ပွဲကို ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပွဲအပြီး ကိုဗစ်ပြန်လည်စစ်ဆေးရာ ဗိုင်းရပ်စ်ကူးစက်နေတဲ့အတွက် ချယ်လ်ဆီး မန်စီးတီးပွဲတွေကို ဆက်တိုက်လွဲချော်ခဲ့ရပါတယ်။

Photo Credit : Football London

ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အပြီးမှာ နိုင်ငံတကာရက်သတ္တပတ် ဝင်ရောက်လာမှုကြောင့် ဘင်ဝှိုက်ရဲ့ ကိုဗစ်ကူးစက်မှုက ပြန်လည်သက်သာသွားခဲ့မို့ အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နေသလို ခြေချင်းဝတ်ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကွင်းလယ်ကစားသမား ပါတေးဟာလည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ ဒီကစားသမား(၂)ယောက် ပြန်လည်ကောင်းမွန်လာခြင်းဟာ အာဆင်နယ်အတွက်တော့ သတင်းကောင်းတစ်ခုလို့ ဆိုရမှာဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ နိုင်ပွဲ သရေပွဲ မရှိသေးပဲ (၃)ပွဲဆက်တိုက်လုံး အရေးနိမ့်ထားတဲ့အပြင် အဲ့ဒီ(၃)ပွဲလုံးမှာ ပေးဂိုးက (၉)ဂိုးအထိ ရှိထားကာ သွင်းဂိုးကတော့ မရရှိထားသေးပါဘူး။ ဒီလို အခြေအနေမှာ အသင်းအတွက် အားထားရတဲ့ ကစားသမား(၂)ယောက်က အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာဖြစ်လို့ အာဆင်နယ်အတွက် စိတ်အားတတ်စရာ ဖြစ်လာနိုင်သလို သူတို့ရင်ဆိုင်ရမယ့် နောဝစ်ချ်ကလည်း ဒီရာသီ တန်းတတ်အသင်းထဲမှာ ရလဒ်ပိုင်း အားအနည်းဆုံးအသင်း ဖြစ်နေတာမို့ အာဆင်နယ်အတွက် နိုင်ပွဲ စတင်ရရှိဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။