MySport Myanmar

အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရဖွယ် ရှိနေတဲ့ ဂရီးလစ်ရှ်

ပြီးခဲ့တဲ့နွေတုန်းက အက်စတွန်ဗီလာအသင်းကနေ မန်ချက်စတာစီးတီးအသင်းဆီ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမား ဂျက်ဂရီးလစ်ရှ်ဟာ အခုဆိုရင်တော့ သူငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ သူရဲ့ ကလပ်အသင်း ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရမယ့် ပွဲစဉ်မှာပဲ ကစားသမားဘဝရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကိုင်မြှောက်ရဖို့ သေချာလုနီးပါး ဖြစ်လာခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် (၂၆)ပွဲ အပါအဝင် ပြိုင်ပွဲစုံ(၃၈)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သလို သွင်းဂိုး(၆)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ သူရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှုရှိအောင် ခြေစွမ်းကောင်းတွေ ပြသထားတာမျိုး သိပ်မရှိသေးပဲ ရုန်းကန်နေရပေမယ့် သူရဲ့မန်စီးတီး ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Photo Credit : BT

လက်ရှိမှာ ဂရီးလစ်ရှ်ရဲ့ မန်စီးတီးအသင်းက ဒီနှစ်ဘောလုံးရာသီ နောက်ဆုံးရာသီပိတ်ပွဲကို ဂရီးလစ်ရှ်ရဲ့ အသင်းဟောင်း အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၈)အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် လီဗာပူးလ်အသင်းက ဆောက်သမ်တန်ကို စိန့်မေရီမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲကို လီဗာပူးလ် အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြား အမှတ်ကွာဟချက်က (၁)မှတ်သာ ရှိနေမှာဖြစ်လို့ ဒီရာသီ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်က နောက်ဆုံးပွဲစဉ်မှာ ဝုလ်ဗ်အသင်းကို အန်ဖီးလ်မှာ ဧည့်ခံသွားရမှာဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်ပေမယ့် တစ်ဖက်မှာ မန်စီးတီးကလည်း ဗီလာနဲ့ပွဲမှာ အတိမ်းအစောင်း ဖြစ်သွားမှသာ လီဗာပူးလ်က စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက မန်စီးတီးကို အယ်တီဟတ်ကွင်းမှာ လာရောက်ရင်ဆိုင်ရမယ့် ဗီလာအသင်းမှာ လီဗာပူးလ်ကစားသမားဟောင်း ကော်တင်ဟို ဒန်နီအင့်စ်တို့ ပါဝင်နေသလို လီဗာပူးလ် legend ဂျရတ်ကလည်း ဗီလာနည်းပြအဖြစ် ဆောင်ရွှက်နေပါတယ်။ ဒီလူတွေက သူတို့ရဲ့ အသင်းဟောင်းကို ကူညီတဲ့အနေနဲ့ စီးတီးကို အခက်တွေ့အောင် ကစားပြဖို့ အဆင့်သင့် ဖြစ်နေသလို အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် ဂရီးလစ်ရှ်ကလည်း လိုအပ်နေတဲ့ နိုင်ပွဲကို ရယူပြီး ပရိးမီးယားလိဂ် ဆုဖလားကြီးကို ရယူသွားဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version