ဒေါ့မွန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဝါရင့် ဂျာမနီ ကွင်းလယ်တိုက်စစ်ကစားသမားကြီး မာကိုရွိုက်စ်က ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို ကျော်လွန်ပြီး ဘွန်ဒစ်လီဂ်ချန်ပီယံဆုကို သိမ်းပိုက်ရယူနိုင်တဲ့ ကစားသမား အင်အားမျိုး သူတို့အသင်းဆီမှာ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နည်းပြသစ် မာကိုရိုဆဲ လက်အောက်မှာလည်း အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်လို့နေပါတယ်။

Photo Credit : Goal

မာကိုရွိုက်စ်ရဲ့ ဒေါ့မွန်အသင်းဟာ နည်းပြဟောင်း ယာဂင်ကလော့ပ် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာပဲ ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံးအကြိမ်အဖြစ် ဆွတ်ခူးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက ဘိုင်ယန်မြူးနစ်ရဲ့အောက် ဒုတိယနေရာနဲ့သာ ရပ်တည်နေရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ရာသီသိမ်းခါနီးမှ အဆင့်(၄)နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး အလှမ်းဝေးနေရတဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ပြန်လည်ရယူသွားဖို့အတွက် ယုံကြည်ချက်အပြည့် ရှိနေသလို အသင်းရဲ့လူစာရင်းဟာလည်း အတောင့်တင်းဆုံး အနေအထားရှိနေတယ်လို့ မာကိုရွိုက်စ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : DW

မာကိုရွိုက်စ်က “ကျွန်တော်တို့မှာ ဂျာမန်ချန်ပီယံဆုကို ရယူသွားဖို့အတွက် လုံလောက်တဲ့ ကစားသမားအင်အားမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒီလူအင်အားနဲ့ ပြည်တွင်းရှုံးထွက်ဖလားတွေ ပိုင်ဆိုင်ဖို့ရော ဥရောကချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ပိုပြီးတိုးတတ်ကောင်းမွန်လာဖို့ပါ ရှိနေပါတယ်။ အများကြီး အတူတကွ စုရုံးရမယ်။ ဒါပေမယ့် အလားအလာကောင်းတွေလည်း ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ ပြသဖို့ လိုပါတယ်။ တခြားပွဲတွေမှာဆိုရင်တော့ ကံကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ စိတ်ရောကိုယ်ပါ စိတ်အားထက်သန်စွာနဲ့ ကစားပြဖို့ကလည်း လိုအပ်ပါတယ်။ ဒါတွေက ပရိသတ်တွေ အလိုရှိနေတဲ့ အရာတွေပဲလေ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ဒီနှစ်ရာသီမှာ အသင်းရဲ့ ရာသီတစ်ခုလုံးမှာ အဓိက တောင်ပံကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို အသင်းကနေ ရောင်းထုတ်ထားခဲ့ရပေမယ့် အဓိက တိုက်စစ်မှူး အာလင်းဟာလန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားလျက်ရှိနေသလို ဆန်ချိုရဲ့နေရာမှာ အစားထိုးဖို့အတွက် PSV အသင်းရဲ့ နယ်သာလန်တောင်ပံကစားသမား မာလန်းကို အရခေါ်ယူထားနိုင်ခဲ့ပါတယ်။