MySport Myanmar

ဒုကျော့မှာ ချဲလ်ဆီး ပိုကြမ်းလာနိုင်တယ်လို့ အသင်းဖော်တွေကို ဘယ်လင်ဟမ် သတိပေး

မနေ့ညက ဂျာမနီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွင်း အိမ်ရှင် ဒေါ့မွန်အသင်းက အဒီယေမီရဲ့ သွင်းဂိုးနဲ့ ချဲလ်ဆီးအသင်းကို အနိုင်ရယူခဲ့ပေမယ့်လည်း လန်ဒန်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးတို့က အင်အားကောင်းကောင်းနဲ့ ပိုကြမ်းလာနိုင်တယ်လို့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်က သူ့အသင်းဖော်တွေကို သတိပေး ပြောဆိုလိုက်ပါတယ်။

Photo Credit : Football London

၂၀၂၃ခုနှစ်အတွင်းမှာ ကစားထားခဲ့သမျှ ပွဲစဉ်တွေအားလုံးကို နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ မနေ့ညကလည်း အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တာကြောင့် ၂၀၂၃ နှစ်အစပိုင်းအတွင်း ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက်အထိ နိုင်ပွဲဆက်နေရပါတယ်။ ဒီလို ပုံစံကောင်းမျိုးနဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ ရလဒ်ကောင်းထားပေမဲ့လည်း နောက်တစ်ကျော့မှာ အိမ်ရှင်အဖြစ် ဧည့်ခံရမဲ့ ချဲလ်ဆီးက ပကျော့ရလဒ်ကို အလှည့်အပြောင်း ဖြစ်လာအောင် အသေအချာ အားစိုက်လာန်ိုင်တယ်လို့ ဘယ်လင်ဟမ်က အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

Photo Credit : Daily Mail

“ခံစားချက်တွေ ကောင်းနေတယ်။ ဒါပေမယ့် ဒါက ရက်သတ္တပတ် အနည်းငယ်အတွင်း ကျွန်တော်တို့ ရင်ဆိုင်ရမဲ့ အရာတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သေးငယ်တဲ့ နိုင်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားပြီး နောက်ထပ် ရလဒ်ကောင်းတစ်ခုကို ရယူရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုပွဲမှာ ဘယ်လို ကစားသွားခဲ့လဲဆိုတာ ဒုတိယပိုင်းမှာ ခံစစ်ကို ဘယ်လို ကစားခဲ့လဲဆိုတာတွေနဲ့ ပတ်သတ်ပြီး တကယ် ကျေနပ်မိပါတယ်။ ဒီနိုင်ပွဲနဲ့က မပြီးဆုံးသေးဘူးဆိုတာကိုတော့ ကျွန်တော်တို့ နားလည်ထားရပါမယ်။ သူတို့တွေက အားကောင်းကောင်းနဲ့ကို ပြန်လာနိုင်ပါသေးတယ်” လို့ ဘယ်လင်ဟမ်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ်ဟာ ချဲလ်ဆီးနဲ့ပွစဉ်မှာ ဒေါ့မွန်အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကိုပါ ထမ်းဆောင်ခဲ့ရင်းနဲ့ ဒေါ့မွန်အတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ လာမဲ့ မတ်လ (၇)ရက်နေ့မှာ ပြန်ကစားသွားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ ဘယ်လင်ဟမ်ဟာ သူရဲ့မွေးရပ်မြေ အင်္ဂလန်ကို ပြန်လာပြီး ချဲလ်ဆီးအသင်းကို ထပ်မံ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Exit mobile version