ဥရောပအမှတ်ပေးလိဂ်ပြိုင်ပွဲတွေရဲ့ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်တွေ စတင်ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဘောလုံးသမားအပြောင်းအရွှေ့တချို့ဖြစ်ပေါ်လာခဲ့ပြီး ဒီအပြောင်းအရွှေ့တွေထဲကမှ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့အနည်းငယ်ကို စုစည်းဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ပါရတ်

စပါးအသင်းရဲ့လူငယ်တိုက်စစ်မှူးလေး ထရွိုင်ပါရတ်ကတော့ ချန်ပီယံရှစ်ကလပ် မီဝေါအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ စပါးအကယ်ဒမီထွက် ကစားသမားလေးဟာ ဟယ်ရီကိန်းနောက် ဒုတိယဦးစာပေး အထောင်တိုက်စစ်မှူးဖြစ်ပေမယ့် စပါးက လာမယ့်ရာသီမှာ တိုက်စစ်မှူးတွေ ခေါ်ယူသွားမှာဖြစ်လို့ ပွဲထွက်ခွင့်တွေ မဆုံးရှံးရအောင် အခုလို အငှားချလိုက်ရတာဖြစ်ပါတယ်။

ယဲလ်မက်ဇ်

အသက်(၃၅)နှစ်အရွှယ် ဝါရင့်တိုက်စစ်ကစားသမားကြီး ဘူရက်ခ်ယဲလ်မက်ဇ်ကို တူရကီထိပ်သီးကလပ် ဘက်ရှီးတက်စ်အသင်းကနေ လိုင်လီအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ ဝါရင့်တူရကီ တိုက်စစ်မှူးကြီးယဲလ်မက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက သူရဲ့သွင်းဂိုးစွမ်းရည် မလျော့ကျသေးဘူးဆိုတာကို သက်သေပြထားခဲ့ပြီး (၂၅)ပွဲမှာ (၁၃)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အင်ဆူအာ

ရှော်ကေးအသင်းရဲ့ စပိန်နောက်ခံကစားသမား ပါဘလိုအင်ဆူအာကို လာလီဂါပြိုင်ပွဲဆီ တန်းပြန်တတ်လာနိုင်ခဲ့တဲ့ ဟူဆကာအသင်းကနေ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ ဒီကစားသမားဟာ ရှော်ကေးနဲ့ဟူဆကာအသင်းတို့ကြားမှာ မကြာခဏ ကစားခဲ့ရသူဖြစ်ပြီး အခုပြောင်းရွှေ့ကြေးမှုမှာလည်း ပြောင်းရွှေ့ကြေးကို ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

လိုဗရန်

လီဗာပူးလ်အသင်းရဲ့ဝါရင့်ခရိုအေးရှားနောက်ခံကစားသမားကြီး ဒီဂျန်လိုဗရန်မှာလည်း ရုရှားနာမည်ကျော်ကလပ် ဇင်းနစ်အသင်းဆီကို ယူရို(၁၂)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တဲ့ (၃၂)နှစ်အရွှယ်ရှိ ဗဟိုနောက်ခံလူကြီး လိုဗရန်ဟာ ဇင်းနစ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

စတီကလန်ဘတ်ချ်

ဝါရင့်နယ်သာလန်ဂိုးသမားဟောင်းကြီး မာတင်စတီကလန်ဘတ်ချ်မှာလည်း သူရဲ့မွေးရပ်မြေက သူ့ကစားသမားဘဝစရာ အသင်းဖြစ်သော အေဂျက်စ်အသင်းဆီကို အဲဗာတန်အသင်းဆီကနေ အလွတ်ပြောင်းရွှေ့နဲ့ ရောက်ရှိလာခဲ့ပါတယ်။ အသက်(၃၇)နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမားကြီးဟာ အေဂျက်စ်အသင်းနဲ့ တစ်နှစ်စာချုပ်သာချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။