MySport Myanmar

အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ကစားမယ်လို့ ကြွေးကြော်လိုက်တဲ့ အက်ဒီဟောင်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အက်ဒီဟောင်းက မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် ကာရာဘောင်းဖလား ၁၆သင်းအဆင့် ပွဲစဉ်မှာ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူဖို့ ဆုံးဖြတ်ထားကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ပြီးခဲ့တဲ့နှစ် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး အဆိုပါ ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ကို ကတ်စ်မဲရိုးနဲ့ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကာရာဘောင်းချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ယခုနှစ် ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ကာရာဘောင်းဖလား ၁၆သင်းအဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ဒီပွဲက ချန်ပီယံဆုကို ကာကွယ်ရမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် အရေးကြီးတဲ့ပွဲ ဖြစ်သလို နယူးကာဆယ် အတွက် ပြီးခဲ့တဲ့နှစ် ရှုံးကြွေးကို ပြန်ဆပ်နိုင်မယ့် အခွင့်အလမ်းကောင်းလည်း ဖြစ်ပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ နှစ်သင်းကြားမှာ ကွာဟချက် များများစားစား မရှိတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်မှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲနေပြီး အိမ်ကွင်း အားသာချက် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ထက် နိုင်ပွဲ ရဖို့ ပိုမို အခွင့်အလမ်း များပြားနေပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပေမယ့် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက သူတို့အသင်းဟာ ဘယ်ပွဲကိုပဲ ကစားကစား အနိုင်ရလဒ် အတွက် ကစားတတ်သလို ယူနိုက်တက်နဲ့ ပွဲမှာလည်း နိုင်ပွဲ ရရှိရေး အတွက်ပဲ ဦးတည်ကာ ကြိုးစား ကစားသွားမယ်လို့ ဆိုလာပါတယ်။

အက်ဒီဟောင်းက – “ကျွန်တော်တို့အသင်းက ဘယ်ပွဲကိုပဲ ကစားကစား ၊ အနိုင်ရဖို့ အတွက် ပြင်ဆင် ကစားလေ့ ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း နိုင်ပွဲအတွက်ပဲ ဦးတည် ကစားသွားမှာပါ။ ပွဲဆက် များလာတာကြောင့် ကျွန်တော်တို့က အသင်းရဲ့ လူစာရင်းကို အကောင်းဆုံး အသုံးချရမယ် ဆိုတာ သိပါတယ်။ (ကစားသမားတွေကို အလှည့်ကျ ကစားခိုင်းမှုအား ရည်ရွယ်လျက်) ဒါပေမယ့် အဲ့ဒီလို ပြောလို့ ကျွန်တော်တို့က အိုးထရက်ဖို့ဒ်မှာ အနိုင် ရအောင် မကြိုးစားဘူး ဆိုပြီး မယူဆစေချင်ပါဘူး။ ကျွန်တော်တို့က ဘယ်ပွဲဖြစ်ဖြစ် နိုင်အောင် ကစားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version