မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ အန်တိုနီ ဂေါ်ဒွန်ဟာ အင်္ဂလန်အသင်းရဲ့ ကစားသမားစာရင်းမှာ ရွေးချယ်ခံရသင့်နေပြီလို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောဆိုလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် တောင်ပံကစားသမား ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်ကမှ အဲဗာတန်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသလျက် ရှိနေပါတယ်။

Photo Credit : Eurosport

ဘယ်တောင်ပံ ကစားသမား ဂေါ်ဒွန်ဟာ ဒီရာသီမှာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀) ပါဝင်ကစားထားရင်း သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ထားပေမယ့်လည်း လက်ရှိအချိန်ထိ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် အရွေးမခံရသေးပဲ ဖြစ်နေပါတယ်။

“သူက ခြေစွမ်း အမြင့်ဆုံး အဆင့်မှာ ကစားနေတာ ဖြစ်သလို ဒီရာသီထဲမှာပဲ ဒီလို စွမ်းဆောင်မှုတွေ ရရှိလာတာ ဖြစ်ပါတယ်။ သူ ဒီအသင်းကို ရောက်လာခဲ့စဉ်ကနေ စတင်ပြီး သူရဲ့ ယှဉ်ပြိုင်လိုစိတ်တွေ အောင်မြင်မှု ရရှိဖို့အတွက် စိတ်ပိုင်းဖြတ်ထားမှုတွေကို ခင်ဗျားတို့ သတိထား မြင်တွေ့မိမှာပါ။”

Photo Credit : Chronicle Live

“သူက ပွဲအတွင်းမှာ လေ့ကျင့်ရေးကွင်းမှာ အလွန် အလုပ်လုပ်လွန်းတဲ့ ကစားသမားပါ။ အခုပွဲမှာလည်း ဝမ်ဘစ်ဆာခါလို အရမ်းကောင်းတဲ့ ခံစစ်ကစားသမားနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီကစားသမားနှစ်ယောက်ရဲ့ အားပြိုင်မှုကလည်း အရမ်းကောင်းခဲ့တယ်။ အခုဆိုရင် သူက အနိုင်ဂိုးကိုပါ သွင်းယူလိုက်ပြီဖြစ်လို့ ဒါဟာ သူ့အနေနဲ့ အင်္ဂလန်အတွက် ပါဝင်ရဖို့ အသင့်ပဲဆိုတာကို ပြသလိုက်သလိုပါပဲ။” လို့ အက်ဒီဟောင်းက မှတ်ချက်ပြုသွားခဲ့ပါတယ်။

ဒီလို ပြောဆိုထားပေမယ့် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ စတာလင်း ဝက်ဒ်ပရောက်စ်တို့ကိုပါ အခုထိ အသင်းမှာ ရွေးချယ်ခြင်း မရှိသေးတာကြောင့် ဂေါ်ဒွန်အနေနဲ့လည်း ယူ-၂၁ကနေ လက်ရွေးစင်အတွက် ကစားပေးရဖို့ ထပ်ပြီး စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။