မကြာသေးမီကမှ ဆော်ဒီတော်ဝင်မိသားစုရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရပြီးနောက် အရည်အသွေးမြင့် ကစားသမားတွေ ၊ နာမည်ကျော် ကစားသမားတွေကို ဝယ်ယူကာ အသင်းကို အားဖြည့်နေတဲ့ နယူးကာဆယ်ရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်းကတော့ သူတို့အသင်းဟာ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူဖို့ အဆင်သင့် ရှိနေတယ် ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုလို ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ကစားသမားမျိုးကို ဘယ်တော့မှ မခေါ်ပါဘူးလို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နယူးကာဆယ်က ဆော်ဒီတော်ဝင်မိသားစုရဲ့ ဝယ်ယူမှုကို ခံခဲ့ရပြီးနောက် အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်တဲ့ ထရစ်ပီယာ ၊ ဂွီမာရေးစ် ၊ နစ်ပုတ် ၊ ဘော့မန်း ၊ အီဆက်ခ် စတဲ့ ကစားသမားတွေကို ဥရောပ နာမည်ကြီးအသင်းတွေအား ကျော်ဖြတ်ကာ အမိအရ ခေါ်ယူထားနိုင်သလို သူတို့အသင်းရဲ့ တောင့်တင်းလာတဲ့ ကစားသမား အင်အားနဲ့ နည်းပြချုပ် အက်ဒီဟောင်းရဲ့ အရည်အသွေးတို့ကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ထိုက်သင့်တဲ့ ရလဒ်ကောင်းတွေ ရယူထားနိုင်ပါတယ်။

Photo Credit: Mirror

နယူးကာဆယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အပြီးမှာ ၃ပွဲ နိုင် ၊ ၅ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၁၄မှတ် အထိ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာကို သိမ်းပိုက်ထားနိုင်ကာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့လည်း ရမှတ် ၁မှတ်သာ ကွာဟတာကြောင့် ယနေ့ညမှာသာ နိုင်ပွဲ ၁ပွဲ ရယူနိုင်မယ် ဆိုရင် အဆင့်၅ နေရာ အထိ တက်လှမ်းနိုင်ဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ယနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားမှုကို မြင်တွေ့ရဖွယ် ရှိနေပြီး နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်မီမှာ သူတို့အသင်းဟာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပြီး သူဟာ ရိုနယ်ဒိုလို အရည်အသွေးမြင့် ကစားသမားကို သဘောကျပေမယ့် ရိုနယ်ဒိုရဲ့ အသက်အရွယ်ကြောင့် သူတို့အသင်းက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုနဲ့ နယူးကာဆယ်တို့ရဲ့ ကောလာဟာလ သတင်းတွေနဲ့ ပတ်သတ်ပြီး အက်ဒီဟောင်းက – “ကျွန်တော်တို့က အသင်းကို ရေရှည်မှာ ပိုပြီး အင်အား တောင့်တင်းလာအောင် တည်ဆောက်နေကြတာပါ။ ကျွန်တော်တို့မှာ အသင်းနဲ့ ပတ်သတ်ပြီး ရေရှည်စီမံကိန်းပဲ ရှိပါတယ်။ အခုချိန်မှာတောင် ကျွန်တော်တို့က ဝါရင့် ကစားသမား အများအပြားကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် ကျွန်တော်တို့က အနာဂတ်မှာ လူငယ် ကစားသမားတွေကိုပဲ ဝယ်ယူရပါမယ်။ ကျွန်တော်တို့က အသင်းရဲ့ ပျမ်းမျှအသက်ကို ဒီထက် ပိုငယ်အောင် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရိုနယ်ဒိုလို ကစားသမားမျိုးကို ဝယ်ယူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုပြောတာက ရိုနယ်ဒိုကို စော်ကားတာမျိုး မဟုတ်ပါဘူး။ ရိုနယ်ဒိုက တကယ်ကို တော်တဲ့ ကစားသမားပါ” လို့ ပြန်လည် ဖြေရှင်းသွားခဲ့တာပါ။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ် ဆိုပြီး သတင်းကြီးနေသူ တဦး ဖြစ်ပါတယ်။