လီဗာပူးလ်အသင်းဟာ ဒီနေ့ ည(၈)နာရီခွဲအချိန်မှုာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းအန်ဖီးလ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းဘက်ကနေ ပါဝင်ကစားလာမယ့် တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးက ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးဖြစ်တဲ့ ရော်ဘင်ဗန်ပါစီ တင်ရှိထားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရိုက်ချိုးနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : CNN

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နောက်ဆုံး(၈)ကြိမ် တွေ့ဆုံထားမှုမှာ (၈)ကြိမ်လုံးကို အနိုင်ရထားခဲ့သလို တိုက်စစ်က (၂၄)ဂိုး သွင်းယူနိုင်ခဲ့ပြီး ခံစစ်ကလည်း (၅)ဂိုးသာ ပြန်လည်ခွင့်ပြုထားခဲ့ရပါတယ်။ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးမှာလည်း သူရဲ့ လီဗာပူးလ်ကစားသမားဘဝအတွင်း ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ရတဲ့ ပရီးမီးယားလိဂ် (၈)ပွဲဆက်တိုက်ကို သွင်းဂိုးတွေ သွင်းယူထားနိုင်ခဲ့ပြီး အခုတစ်ကြိမ်မှာသာ သွင်းဂိုး ဆက်လက်သွင်းယူနိုင်မယ်ဆိုရင် စံချိန်မှတ်တမ်းသစ် တစ်ခုကိုပါ ပိုင်ဆိုင်နိုင်ရမှာ ဖြစ်ပါတယ်။

Photo Credit : Liverpool FC

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ နယ်သာလန် တိုက်စစ်ကစားသမားဟောင်းကြီး ရော်ဘင်ဗန်ပါစီဟာ အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်း ဖြစ်ခဲ့ဖူးတဲ့ စတုတ်စီးတီးအသင်းဘက်ကို ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲဆက်တိုက် သွင်းယူထားနိုင်ခဲ့တာဖြစ်လို့ မာနေးအနေနဲ့ ဒီနေ့ပွဲစဉ်မှာသာ ပဲလေ့စ်အသင်းဘက်ကို သွင်းဂိုးရယူနိုင်ခဲ့တာနဲ့ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်း တစ်သင်းတည်းကို (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ်နဲ့ စံချိန်သစ် ရေးထိုးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မာနေးဟာ လက်ရှိမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံမှုာ သွင်းဂိုးစုုစုပေါင်း (၉၉)အထိကို သွင်းယူထားနိုင်ခဲ့တာဖြစ်လို့ ပဲလေ့စ်နဲ့ပွဲအတွင်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်လိုက်တာနဲ့ လီဗာပူးလ်အသင်းအတွက် ဂိုးရာပြည့်မယ့် (၁၈)ယောက်မြောက် ကစားသမားတစ်ဦး အဖြစ်နဲ့ပါ သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီပွဲအတွင်း မာနေးအနေနဲ့ ဟက်ထရစ် သွင်းယူဖြစ်ခဲ့မယ်ဆိုရင်တော့ သူရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ ဂိုးတစ်ရာပြည့်သွားမှာလည်း ဖြစ်ပါတယ်။