မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာကို နိုင်ငံတကာရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားသွားရမယ့် နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲစဉ်တွေအတွက် စပိန်လက်ရွေးစင်အသင်းမှာ အံ့အားသင့်စဖွယ် ချန်လှပ်ခံထားခဲ့ရတဲ့အပေါ် စပိန်အသင်းရဲ့နည်းပြဖြစ်သူ လူးဝစ်အင်းနရစ်က ပြန်လည်ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

David de Gea during a Spain match

Photo Credit : Marca

အသက်(၃၁)နှစ်အရွှယ်ရှိ စပိန်ဂိုးသမား ဒီဂီယာဟာ ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက စပိန်လက်ရွေးစင်အသင်းမှာ ဆက်တိုက်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုတစ်ကြိမ်မှသာ အသင်းရဲ့လူစာရင်းကနေ ပထမဆုံးအကြိမ်အဖြစ် ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ဒီဂီယာကို မရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး စပိန်လက်ရွေးစင်နည်းပြ အင်းနရစ်က အသင်းရဲ့လူစာရင်းအတွက် ကစားသမား မရွေးချယ်ခင်မှာ တခြားဂို်းသမားတွေကို စမ်းကြည့်ချင်တယ်လို့ ဒီဂီယာကို အသိပေးခဲ့ရာ ဒီဂီယာကိုယ်တိုင်က ဒီဆုံးဖြတ်ချက်အပေါ် လက်ခံခဲ့ပြီး သူ့ကို အခုလို အသိပေးတာ ကျေးဇူးတင်မိကြောင်းနဲ့ သူရဲ့နေရာအတွက်ကိုလည်း အစွမ်းကုန် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ရှင်းလင်းသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် ဂိုးကာကွယ်မှုအကောင်းဆုံး ဂိုးသမား ဖြစ်နေရတဲ့ ဒီဂီယာဟာ အခုလို နိုင်ငံတကာ ရက်သတ္တပတ်အတွင်း စပိန်အသင်းရဲ့လူစာရင်းမှာ ပါဝင်လာခြင်း မရှိပေမယ့်လည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဒီဂီယာလို ပြိုင်ပွဲအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂိုးသမားမျိုးကို ချန်လှပ်သွားဖို့က ဖြစ်နိုင်ခြေ နည်းပါးနိုင်ပါလိမ့်မယ်။ အယ်လ်ဘေးနီးယား အိုက်စလန်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့့ရတဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေအတွင်းမှာတော့ စပိန်နည်းပြ အင်းနရစ်က ဘရန့်ဖို့ဒ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ်ရာယာကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့သလို အယ်လ်ဘေးနီးယားအသင်းနဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ်နဲ့ပါ အသုံးပြုသွားခဲ့ပါတယ်။ ဒါ့အပြင် အိုက်စလန်အသင်းကို (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း အူနိုင်းဆီမွန်ကို ပြန်လည်အသုံးပြုသွားခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့ ဂိုးသမားဖြစ်တဲ့ အူနိုင်းဆီမွန်ကတော့ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲနဲ့ UEFA Nations League ပြိုင်ပွဲတွေမှာ သူရဲ့စီနီယာဖြစ်တဲ့ ဒီဂီယာကို ကျော်လွန်ပြီး စပိန်လက်ရွေးစင်အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ် ပါဝင်ကစားခွင့် ရရှိထားသူဖြစ်လို့ လာမယ့် ကမ္ဘာ့ဖလားမှာလည်း ဒီဂိုးသမားနျှစ်ယောက်ကြား အပြိုင်အဆိုင်တွေ တွေ့မြင်လာရနိုင်ဖွယ် ရှိနေရပါတယ်။