ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကို ကျင်းပရာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘလေဘောလုံးကွင်းကြီးအတွင်း ယူရိုဆုဖလားကြီးကို ကိုင်ဆောင်ပြီး ဝင်ရောက်လာခဲ့တဲ့ လူတစ်ယောက်ကို ဘောလုံးပရိသတ်အများစုက ဒီလူ ဘယ်သူဘယ်ဝှါလဲဆိုတာကို သတိထားလိမ့်ကြမယ်လို့ သိပ်မထင်မိပါဘူး။ တကယ်တော့ သူဟာ ယူရိုပြိုင်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်သလို ပေါ်တူဂီအသင်းကိုပါ ယူရိုချန်ပီယံ ဖြစ်လာစေဖို့အတွက် သူရဲ့ပွဲသိမ်းသွင်းဂိုးနဲ့ စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့…

Photo Credit : The Sun

သူကတော့ အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမား အက်ဒါပါ။ အက်ဒါက ထိပ်တန်းကြယ်ပွင့် ကစားသမားတစ်ဦး မဟုတ်ပေမယ့်လည်း ဥရောပထိပ်သီး အမှတ်ပေးလိဂ်တွေဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ လိဂ်ဂူးဝမ်းတို့မှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်သလို ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ကိုလည်း သူရဲ့ သွင်းဂိုးနဲ့ ယူရို-၂၀၁၆ ချန်ပီယံဆု ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ ပြင်သစ်နိုင်ငံအတွင်း ကျင်းပခဲ့တဲ့ ယူရိုဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားနေခဲ့စဉ် သာမာန်ပွဲကစားချိန်မှာ ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပို ဆက်လက်ကစားရာ ဒုတိယပိုင်းမှာ လူစားဝင် တိုက်စစ်ကစားသမား အက်ဒါက (၁၀၉)မိနစ်မှာပဲ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူခဲ့ရင်း ပေါ်တူဂီအသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံး ယူရိုဖလားကို ပိုင်ဆိုင်နိုင်စေခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အက်ဒါဟာ လက်ရှိအချိန်မှာတော့ သူရဲ့ကလပ်အသင်း လိုကိုမိုးတစ်မော်စကိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး အသင်းလက်မဲ့ဘဝကို ရောက်ရှိနေခဲ့ရပါတယ်။ အက်ဒါက စပို့တင်းဘရာဂါ ဆွမ်ဆီး လိုင်လီနဲ့ စပါးတပ်မော်စကိုအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပေမယ့်လည်း ဘရာဂါအသင်းမှာ ပါဝင်ခဲ့စဉ်တုန်းကသာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာဖြစ်ပြီး ဆွမ်ဆီးနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကျင်လည်ခဲ့စဉ်မှာတော့ သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အက်ဒါဟာ ရုရှားကလပ် လိုကိုမိုးတစ်မော်စကိုအသင်းမှာ ဘောလုံးရာသီ (၄)ရာသီအထိ ပါဝင်ကစားခဲ့ပြီး ပွဲပေါင်းတစ်ရာကျော် ပါဝင်ခဲ့ရပေမယ့်လည်း သွင်းဂိုးက (၁၃)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းဘက်ကနေ သက်တမ်းမတိုးပဲ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ ဒီလို တိုက်စစ်စွမ်းဆောင်ရည် အရမ်းမကောင်းမွန်ခဲ့ပေမယ့် သူရဲ့နိုင်ငံအသင်းအတွက် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ရတဲ့ အက်ဒါအနေနဲ့ အသင်းလက်မဲ့ဘဝကနေ အသင်းသစ် တစ်သင်းဆီကို မကြာခင်မှာပဲ ရောက်ရှိလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။