စပိန်လာလီဂါပြိုင်ပွဲတွေကိုတော့ ဒီနေ့မနက်အစောပိုင်းမှာ စတင်ခဲ့ပြီး ပထမဆုံးပွဲမှာ ဆီဗီလာက အနိုင်ရသွားခဲ့ပါတယ်။ ဆိုတော့ အခုလို ပြန်လည်စတင်နေပြီဖြစ်တဲ့ စပိန်လာလီဂါအကြောင်းတွေကို ဒီရက်ပိုင်းမှာ များစွာဖော်ပြပေးသွားဖို့ကလည်း အကြောင်းဖန်လာခဲ့ရပါတယ်။ ဒီနေ့မှာ ကျွန်တော်ဖော်ပြပေးသွားချင်တဲ့ အကြောင်းအရာကတော့ လက်ရှိ အသက်လက်တီကိုမက်ဒရစ်အသင်းကို ကိုင်တွယ်လို့နေတဲ့ ဒီယေဂိုဆီမြွန်နီရဲ့ အသက်လက်တီကိုဘောလုံးသမားဘဝ အကြောင်းတွေကို တင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟောင်း ဒီယေဂိုဆီမြွန်နီဟာ သူအခု ကိုင်တွယ်လို့နေတဲ့ အသက်လက်တီကိုအသင်းမှာ ကစားသမားဘဝနဲ့လည်း နှစ်ကြိမ်တိုင်တိုင် ဖြတ်သန်းခဲ့ဖူးသူဖြစ်ပါတယ်။ စီးရီးအေကလပ် ပီဆာအသင်းကနေ လာလီဂါကို ရောက်ရှိလာခဲ့တဲဲ့ ဆီမြွန်နီဟာ ဆီဗီလာမှာ သူရဲ့အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့ မာရာဒိုနာ မွန်ချီတို့နဲ့ တွဲဖက်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့လို့ ၁၉၉၄ခုနှစ်မှာ အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ဆီမြွန်ဆီက အသက်လက်တီကိုအသင်းနဲ့အတူ လာလီဂါဆုဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကို တစ်ရာသီအတွင်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဆီမြွန်နီဟာ စီးရီးအေကို ပြန်လည်ပြောင်းရွှေ့ခဲ့ရပြီး အင်တာမီလန်နဲ့ လာဇီယိုအသင်းတွေမှာ ၂၀၀၃ခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးကာ အသက်လက်တီကိုအသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ဆီမြွန်နီဟာ တစ်ချိန်မှာ သူရဲ့ကစားသမားတွေဖြစ်လာမယ့် ဖာနန်ဒိုတောရက်စ်နဲ့ ဂါဘီတို့နဲဲ့ပါ တွဲဖက်ကစားခဲ့ရပြီး ၂၀၀၆ခုနှစ်မှာတော့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပါတယ်။ ဆီမြွန်နီဟာ အာဂျင်တီးနားအသင်းနဲ့လည်း ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့ပြီး ကိုပါအမေရိကဖလား (၂)ကြိမ် ပိုင်ဆိုင်ခဲ့သလို ၁၉၉၆ခုနှစ် အိုလံပစ်မှာလည်း ငွေတံဆိပ်ဆုကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။

ဒီလို ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဒီယေဂိုဆီမြွန်နီဟာ ၂၀၀၆ခုနှစ်မှာ အာဂျင်တီးနားကလပ် ရေးဆင်းအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ကာ အာဂျင်တီးနားကလပ်အသင်းများစွာမှာလည်း နည်းပြတစ်ယောက်အဖြစ် ကျင်လည်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီကို နည်းပြအဖြစ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဆီမြွန်နီဟာ အသက်လက်တီကိုနည်းပြအဖြစ် ဆောင်ရွှက်ခဲ့ပြီးနောက်မှာတော့ လာလီဂါဖလား ကိုပါဒယ်ရေး ယူရိုပါလိဂ်ဖလားနဲ့ ဥရောပစူပါဖလားတို့အပြင် ချန်ပီယံလိဂ်မှာလည်း ဒုတိယဆုကို (၂)ကြိမ်တိုင် ရရှိခဲ့ပါတယ်။