ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံး ရရှိထားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီ ကတော့ တရားဝင် စတင်ခဲ့ပါပြီ။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး လိဂ်တစ်ခု ဖြစ်တာကြောင့် ဘယ်အသင်းက ချန်ပီယံဆုဖလားကို ရရှိမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ပွဲစဉ်တွေအားလုံး ပြီးဆုံးခါနီးမှသာ သိရှိခွင့် ရလေ့ ရှိကာ ဒီတစ်ခါမှာတော့ ကျွန်တော်က ယခု ပရီးမီးယားလိဂ် ရာသီမှာ တောက်ပလာနိုင်တဲ့ လူငယ် ကစားသမား ၄ဦးကို ဖော်ပြပေးသွားချင်ပါတယ်။ ပရိသတ်ကြီးလည်း ကျွန်တော်နဲ့အတူတူ ဘယ်လူငယ် ကစားသမားတွေက တိုးတက်လာနိုင်သလဲဆိုတာကို ကြည့်လိုက်ရအောင်…။

Photo Credit: Metro

၄။ မန်ဂီ ( မန်ယူ )
အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ မန်ယူအသင်းရဲ့ လူငယ် နောက်ခံလူ တန်ဒန် မန်ဂီဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပါဝင် ကစားခွင့်ရမယ့် လူငယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားရဲ့ ချီးကျူးမှုကို ခံထားရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မန်ဂီဟာ အသက် ၁၈နှစ် အရွယ်သာ ရှိသေးပေမယ့် သက်တမ်းအလိုက် အသင်းတွေ အားလုံးမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့တာကြောင့် ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတဲ့ မန်ယူအသင်းအတွက် အားထားရမယ့် ကစားသမား တစ်ဦး ဖြစ်လာနိုင်ချေ ရှိပါတယ်။

Photo Credit: Metro

၃။ အန်ခီးတီးယား ( အာဆင်နယ် )
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် နည်းပြ အာတီတာရဲ့ ယုံယုံကြည်ကြည် ပွဲထွက်ခွင့် ပေးမှုကို ရရှိခဲ့တဲ့ အန်ခီးတီးယားဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်း အတွက် တောက်ပလာနိုင်တဲ့သူပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကစားခဲ့တဲ့ အင်္ဂလန် ယူ-၁၉ အသင်းရဲ့ ပွဲစဉ်တွေကို ဝင်ရောက် ကစားပေးရင်းနဲ့ အန်ခီးတီးယားဟာ ဟက်ထရစ် တစ်ကြိမ် ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းတွေကို အာတီတာ တစ်ယောက် ကျေနပ်အောင် ဘယ်လို စွမ်းဆောင်ပြမလဲဆိုတာ ကတော့ စိတ်ဝင်စားစရာပါပဲ။

Photo Credit: Goal

၂။ ကာတစ်ဂျုံးစ် ( လီဗာပူး )
မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာ လူစားဝင် ကစားကာ လိဒ်ယူနိုက်တက် ကွင်းလယ်ကို ဒုက္ခပေးသွားတဲ့ လီဗာပူးအသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား ကာတစ်ဂျုံးစ် ကတော့ လက်ရှိ ဘောလုံးရာသီမှာ မဖြစ်မနေ စောင့်ကြည့်သွားရမယ့် လူငယ် ကစားသမား တစ်ဦးပါ။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ကာတစ်ဂျုံးစ်ဟာ လီဗာပူးနည်းပြ ကလော့ပ် သဘောကျတဲ့ လူငယ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဘောလုံးပိုင်နိုင်မှုတွေ ၊ တိကျတဲ့ ဘောလုံးပေးပို့မှု စွမ်းရည်တွေကြောင့် အနာဂတ်မှာ လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကြယ်ပွင့် တစ်ဦး ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

Photo Credit: Goal

၁။ ဂေလ်မာ ( ချယ်လ်ဆီး )
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ရဲ့ ယုံကြည်အားကိုးမှုကို အပြည့်အဝ ရရှိခဲ့တဲ့သူ ကတော့ ချယ်လ်ဆီးအသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂေလ်မာပဲ ဖြစ်ပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဂေလ်မာဟာ အရပ်အမြင့် ၅ပေ ၅လက်မသာ ရှိပေမယ့် ကွင်းလယ်ခံစစ် နေရာမှာ အတော်လေး ကစားအားကောင်းသူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ ၉ပွဲအထိ ဝင်ရောက် ကစားပေးနိုင်ခဲ့သူ ဖြစ်တာကြောင့် လက်ရှိ ရာသီမှာရော ချယ်လ်ဆီးအသင်း အတွက် ဘယ်နှပွဲ ဝင်ရောက် ကစားပေးနိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂေလ်မာ ဟာ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာမှ ပြန်လည် သက်သာလာချိန်မှာ ပြီးခဲ့တဲ့ ရာသီတုန်းကလို လမ်းပတ်ရဲ့ ယုံကြည်အားကိုးမှုကို ရသွားမလား ဆိုတာကိုတော့ အားလုံးအတူတူ စောင့်ကြည့်လိုက်ရအောင်ဗျာ….။