နယ်သာလန် ကစားသမားဟောင်းကြီးဖြစ်သူ ဝက်စလေ ဆနိုက်ဒါက ကိုဗင်ထရီနဲ့ အက်ဖ်အေဖလားပွဲက အန်တိုနီရဲ့ အပြုအမှုကို အပြင်းအထန် ဝေဖန်သွားခဲ့ပြီး ဖိုင်နယ်ပွဲမှာလည်း ယူနိုက်တက်က မန်စီးတီးအသင်းကို (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်စေချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူနိုက်တက်နဲ့ ကိုဗင်ထရီအသင်းတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဟာ အတော်လေးကို လူပြောများစရာတွေ ဖြစ်ပေါ်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း ယူနိုက်တက် ပင်နယ်တီနဲ့ အနိုင်ရသွားစဉ် ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီက ကိုဗင်ထရီ ကစားသမားတွေဘက် လှည့်ကာ အောင်ပွဲခံမှု ပြုလုပ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ကိုဗင်ထရီ ကစားသမားတွေနဲ့ ပရိသတ်တွေကို လှောင်ပြောင်ပြီး အောင်ပွဲခံခဲ့တဲ့ အန်တိုနီရဲ့ လုပ်ရပ်ကို ဘောလုံးအသိုင်းအဝိုင်းက ဘောလုံး pundits တွေ အပါအဝင် ဘောလုံးသမားဟောင်းတွေနဲ့ ဘောလုံးသမားတချို့ကပါ ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ဒီထဲမှာ တစ်ချိန်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတဲ့ နယ်သာလန် ကစားသမားဟောင်းကြီး ဆနိုက်ဒါကပါ ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ “အန်တိုနီက သူလုပ်ခဲ့တာတွေအတွက် လုံးဝ ရှက်သင့်ပါတယ်။ အဲ့ဒီလို လုပ်မယ့်အစား သူ့အနေနဲ့ ကွင်းထဲကနေ ဒီအတိုင်းလေးပဲ ထွက်ခွာသွားသင့်တာပါ။”

Photo Credit : PSV Fans

“ဒီလို အခြေအနေတွေကြောင့် ကျွန်တော်ကတော့ လာမယ့် ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းက စီးတီးကို (၅)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ရှုံးနိမ့်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ဆနိုက်ဒါက ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် နယ်သာလန် ဂန္တဝင် ကစားသမားဟောင်းကြီး ဗန်ဘက်စတန်ကလည်း မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ဝေဖန်လာခဲ့ပြန်ပါတယ်။

“ကိုဗင်ထရီနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ် ကစားတာကို ကြည့်ရင်းနဲ့ သူ ဘာလုပ်ချင်နေမှန်းကို မသိရဘူး။ ဒါက တကယ်ကို မယုံနိုင်စရာပါပဲ။ ပြေးလွှားတာလည်း မလုပ်ဘူး။ ဘောလုံးရအောင်လည်း ဘာမှမကြိုးစားဘူး။ သူ့ကို ပေးလိုက်သမျှ ဘောလုံးကိုလည်း ဆွဲမပြေးတော့ပဲ တွေ့တဲ့သူဆီကို လှမ်းပေးတယ်။ သူ့ကို ကြည့်ရတာက သူ့သူငယ်ချင်းလေးတွေနဲ့ အိမ်မှာ ဘောလုံးကစားနေသလိုပဲ။” လို့ ဝေဖန်လိုက်ပါတယ်။