MySport Myanmar

မက်ဆီနဲ့အတူ ဘက်ခမ်းရဲ့ မိုင်ယာမီအသင်းမှာ တွဲကစားရဖွယ် ရှိနိုင်တယ်လို့ ဆွာရက်ဇ်ဆို

တချိန်က ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံး အတွဲအဖက်မိစွာ တွဲဖက်ကစားခဲ့ကြတဲ့ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ ထိပ်တန်း တိုက်စစ်ကစားသမားနှစ်ဦးဟာ အခုလက်ရှိမှာတော့ နှစ်ယောက်စလုံးက ဘာစီလိုနာအသင်းမှာ မရှိကြတော့သလို မတူညီတဲ့ အမှတ်ပေးလိဂ်တွေဆီကိုပါ ရောက်ရှိနေကြပေမယ့် မကြာခင်မှာတော့ ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ပြန်လည်တွဲဖက်ကစားရနိုင်တယ်လို့ အရိပ်အမြွိုက် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

တောင်အမေရိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ မက်ဆီတို့နှစ်ဦးဟာ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခဲ့စဉ်တုန်းက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပြီး ချန်ပီယံလိဂ်ဖလားတစ်ကြိမ် စပိန်လာလီဂါဖလား (၄)ကြိမ်ထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကွင်းအတွင်းမှာပါ အတွဲအဖက်မိကြသူတွေသာ မဟုတ်ပဲ ကွင်းအပြင်မှာပါ အလွန်ရင်းနှီးကြသူတွေဖြစ်ပြီး မိတ်ဆွေရင်းတွေလို ဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားကြသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီနဲ့ဆွာရက်ဇ်တို့ အတွဲအဖက်ကို ပြန်လည်တွေ့မြင်ချင်နေကြပြီး သိပ်မကြာခင်မှာပဲ တွေ့မြင်ရနိုင်တယ်လို့ ဆွာရက်ဇ်ကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ လာမယ့်ဇွန်လကုန်မှာပဲ သူရဲ့လက်ရှိကလပ် အသက်လက်တီကိုအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး မက်ဆီဟာလည်း သူရဲ့ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၃ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ မက်ဆီ ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၃ခုနှစ်မှာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ် အင်တာမိုင်ယာမီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ပြီး တွဲဖက်ကစားကြဖွယ် ရှိနိုင်တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စပိန်ရေဒီယို El Larguero က ဆွာရက်ဇ်ကို မေးမြန်းလာခဲ့ရာ ဆွာရက်ဇ်က “လာမယ့်နှစ်အနည်းငယ်အတွင်း မိုင်ယာမီမှာ မက်ဆီနဲ့ အတူရှိနေနိုင်မလားဆိုတော့ မျှော်လင့်ရတာပဲလေ။ ဘာတွေဖြစ်လာမလဲဆိုတာကို ခင်ဗျားတို့ မသိနိုင်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါတယ်။ ကွင်းအတွင်းမှာ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ကြဖို့အတွက် ကွင်းအပြင်မှာပါ အတူပျော်ရွှင်နေကြတဲ့ အသင်းဖော်နှစ်ဦးကို မြင်တွေ့ရခြင်းထက် ပိုကောင်းတာ မရှိပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version