ဘာစီလိုနာအသင်းရဲ့ ရော်နယ်ကိုးမန်းက အသင်းကို စတင်ကိုင်တွယ်ပြီးနောက်ပိုင်းမှာ နယ်သာလန်လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ လိုင်ယွန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းနဲ့ လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်ဒန်တို့ကို ပစ်မှတ်ထားလာခဲ့ပြီး နွေစျေးကွက်အတွင်းမှာလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား(၂)ယောက်လုံးကို ခေါ်ယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သို့ပေမယ့် ကစားသမား(၂)ယောက်လုံးကို သူအလိုရှိနေဆဲဖြစ်ပြီး ဝိုင်နယ်ဒန်ကလည်း သူရဲ့List ထဲမှာ ဆက်လက်ရှိနေသေးတယ်လို့ ကိုးမန်းက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Liga Olahraga

နယ်သာလန်လက်ရွေးစင် နည်းပြဟောင်းကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်လာချိန်မှာ နယ်သာလန်ကစားသမားတွေဖြစ်တဲ့ ဒီပိုင်းနဲ့ဝိုင်နယ်ဒန်တို့ကို ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး နွေစျေးကွက်အတွင်းမှာတော့ သူရဲ့ကြိုးပမ်းချက်က အရာမထင်ခဲ့ပါဘူး။ ဒီကစားသမား(၂)ယောက်ထဲက ဒီပိုင်းဆိုရင် အသင်းကို ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ တောင်ပံတိုင်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို မရောင်းထုတ်နိုင်ခဲ့လို့သာ ဒီပိုင်းကို ခေါ်ယူဖို့က ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပိုင်းက အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ လာမယ့်ဆောင်းရာသီစျေးကွက်ဖွင့်ချိန်မှာ ဘာစီလိုနာဘက်က ထပ်မံကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Barca Balugranes

ဒါ့အပြင် ဒီပိုင်းရဲ့နယ်သာလန်အသင်းဖော်ဖြစ်တဲ့ ဝိုင်နယ်ဒန်ကလည်း ဒီပိုင်းနည်းတူ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူဖြစ်သလို သူ့ကို လီဗာပူးလ်ဘက်ကနေလည်း အခုထိ သက်တမ်းတိုဖို့ မလုပ်ဆောင်သေးတာကြောင့် ဝိုင်နယ်ဒန်အနေနဲ့လည်း ရာသီကုန်မှာ လီဗာပူးလ်ဘက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရဖွယ်ရှိနေပြီး တကယ်လို့ လီဗာပူးလ်ဘက်က ပြောင်းရွှေ့ကြေးလိုအပ်လာမယ်ဆိုရင် ဝိုင်နယ်ဒန်ကို လာမယ့်ဆောင်းစျေးကွက်မှာပဲ ရောင်းထုတ်လာနိုင်ပါတယ်။ ကိုးမန်းကိုယ်တိုင်ကလည်း သူရဲ့ဘာစီလိုနာအသင်းမှာ ဒုတိယမြောက် နယ်သာလန်ကစားသမားတစ်ယောက်ကို ထပ်မံဖြည့်တင်းသွားချင်တယ်လို့ ပြောဆိုထားခဲ့တာကြောင့် လာမယ့်ဆောင်းရာသီစျေးကွက်မှာ ဒီပိုင်းနဲ့ဝိုင်နယ်ဒန်တို့ထဲက တစ်ယောက်ယောက်ကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အေဂျက်စ်အသင်းရဲ့ အမေရိကန်လူငယ်နောက်ခံလူ ဆာဂျီနိုဒက်စ် ဂျုဗင်တပ်စ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ပီယာနစ်တို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။