MySport Myanmar

“မက်ဆီကို ဘာစီလိုနာအသင်းမှာ ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်” – ဇာဗီ

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်က သူရဲ့အသင်းဖော်ဟောင်း ကလပ်အသင်းရဲ့ legend ကစားသမားဟောင်း လီယွန်နယ်မက်ဆီကို အသင်းမှာ ထပ်မံ မြင်တွေ့ရဖို့ မျှော်လင့်မိတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

၂၀၂၃ခုနှစ် ဇွန်လမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် GOAT ကြီး မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖွယ်လည်း ရှိနေသလို သူ့အသင်းဟောင်း ဘာစီလိုနာကိုလည်း တကျော့ပြန်သွားနိုင်တဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာ ဒုဥက္ကဌ ကိုယ်တိုင်က သူတို့အနေနဲ့ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဇာဗီကိုယ်တိုင်ကလည်း တချိန်က သူနဲ့ တွဲဖက် ကစားခဲ့ဖူးသူ မက်ဆီကို ဘာစီလိုနာ ကစားသမားအဖြစ် ပြန်လည် မြင်တွေ့လိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : Twitter

“ကျွန်တော် သူနဲ့ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ သူ့ကို ဘာစီလိုနာမှာ ပြန်မြင်တွေ့နိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်တယ်။ ဒီအသင်းက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ လူတိုင်းကလည်း မက်ဆီရဲ့ ဘာစီလိုနာနဲ့ နောက်တစ်ကြိမ် ပြန်လည် ပူးပေါင်းမှုကို မြင်တွေ့ချင်နေကြမှာ အသေအချာပါပဲ။ ကျွန်တော် မက်ဆီကို ချစ်မြတ်နိုးတယ်။ သူ့ကို ဘာစီလိုနာမှာ တဖြည်းဖြည်းချင်း တောက်ပလာတာကိုလည်း ကျွန်တော် မြင်တွေ့ထားခဲ့ပါတယ်။ အခု သူ ဒီကို ပြန်လာဖို့ ရှိနေတာနဲ့ ပတ်သတ်ပြီး လူတွေ စိတ်လှုပ်ရှားနေတာကို မြင်တွေ့ရတာကတော့ သာမာန်ပါပဲ” လို့ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ရတဲ့ မက်ဆီအနေနဲ့ တကယ်လို့ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီနဲ့သာ စာချုပ်သက်တမ်း မတိုးခဲ့ဘူးဆိုရင်တော့ သူ စိတ်တိုင်းကျ ကလပ်အသင်း တစ်သင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာဖြစ်လို့ သူ့ကို မေဂျာလိဂ် ကလပ်အသင်းတွေနဲ့ ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ ပြင်ဆင်နေကြရာ မက်ဆီကိုယ်တိုင်ကတော့ ဥရောပမှာသာ ဆက်လက် ကျင်လည်ဖွယ်သာ ရှိနေပြီး ဘာစီလိုနာအသင်းဆီ ပြန်သွားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version