မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ဆောင်းရာသီ အားလပ်ရက် ပြီးနောက် ပထမဆုံး ပွဲစဉ်အဖြစ် ယနေ့ည (၂း၃၀) အချိန်မှာ ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ရမှတ်ပြည့် (၃) မှတ် ရရှိဖို့ မျှော်လင့်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က ကစားသွားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဝုဗ်လ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းကို အနီးကပ် ဖိအားပေးနိုင်မယ့် ရွှေအခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ နောက်နှစ် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ယနေ့ည ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်ကို အနိုင်ရဖို့ လိုအပ်ပြီး လက်ရှိမှာတော့ အဆင့် (၄) နေရာနဲ့ (၆) မှတ် အကွာ အဆင့် (၉) နေရာမှာ ရပ်တည်နေပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ (၄-ဝ) ရလဒ်၊ ကာရာဘောင် ဖလားမှာ (၂-၁) ရလဒ်နဲ့ အနိုင်ရရှိထားပြီး ယနေ့ည ကစားမယ့် ပွဲစဉ်မှာလည်း အနိုင် (၃) မှတ် ရယူချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ဒီစဉ်ပွဲက သေချာတာပေါ့ ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။ ချဲလ်ဆီးအသင်းဟာ ရာသီအားလုံးနီးပါးမှာ အဆင့် (၃) ဒါမှမဟုတ် အဆင့် (၄) နေရာကို ရရှိခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်တော်တို့ မှီအောင် လိုက်ရမယ့် အသင်းပါပဲ။ မျှော်လင့်မိတာက ရမှတ် (၃) မှတ် ရယူဖို့ပါပဲ။ ရမှတ် (၃) မှတ်ဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်သွားဖို့ ကြီးမားတဲ့ အပြောင်းလဲ ဖြစ်ပါတယ်”လို့ ယူနိုက်တက်အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်ကနေ ပြောသွားခဲ့တာ ဖြစ်ပါတယ်။