Ocean Eleven , Confessions of a Dangerous Mind , The Monuments Men အစရှိတဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားချောကြီး ဂျော့ကလူနီကတော့ သူရဲ့အနုပညာလုပ်ငန်းအပြင် ဘောလုံးအားကစားနယ်ပယ်မှာပါ ဝင်ရောက်ကျင်လည်ဖို့အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ဘောလုံးပရိသတ်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်နေတဲဲ့ စပိန်ကလပ်အသင်းတစ်သင်းဖြစ်သော မာလာဂါအသင်းကို ရင်းနှီးမြှပ်နှံဖို့ နီးစပ်လျက်ရှိနေပြီလို့ သိရှိရပါတယ်။

မာလာဂါအသင်းဟာ အစ္စကို ကာဇိုလာ ကာစတီယယ်ဂျို ပါဘလိုဖော်နယ်စ်တို့လို ကစားသမားကောင်းတွေ မွေးထုတ်ခဲ့တဲဲ့ လာလီဂါကလပ်အသင်းဟောင်းတစ်သင်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီတုန်းကဆို ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားခွင့်ရခဲ့သလို ကွာတားဖိုင်နယ်အဆင့်ထိကို တတ်လှမ်းနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် မာလာဂါအသင်းဟာ လာလီဂါကနေ တန်းဆင်းသွားခဲ့ပြီးတဲ့နောက် အသင်းက ဘဏ္ဍာရေးအခြေအနေတွေ ကျဆင်းလာခဲ့ရပြီး အခုဆိုရင် အသင်းပိုင်ရှင်တွေကလည်း အသင်းကို ပေါင်၈၆သန်းနဲ့ ရောင်းချဖို့ကို စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ဒီလို အရောင်းစာရင်းတင်ထားခံရတဲဲ့ လာလီဂါပြိုင်ပွဲဝင်အသင်းဟောင်း မာလာဂါအသင်းကို အသက်၅၈နှစ်အရွှယ်ရှိ ဝါရင့်မင်းသားကြီး ဂျော့ကလူနီ ပါဝင်ဖွဲ့စည်းထားတဲ့ အမေရိကန်ရင်းနှီးမြှပ်နှံသူများအသင်းကနေ ဝယ်ယူဖို့ ကြိုးပမ်းလာခဲဲ့ပြီး မာလာဂါအသင်းပိုင်ရှင်တွေနဲဲ့ ဒီရက်ပိုင်းမှာပဲ ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် မာလာဂါပိုင်ရှင်တွေကနေ တောင်းဆိုထားတဲ့ ပမာဏကြီးတစ်ခုဖြစ်တဲ့ ပေါင်၈၆သန်းအထိကို ပေးချေသွားဖို့ အမေရိကန်ရင်းနှီးမြှပ်နှံသူတွေဘက်ကနေ ဆန္ဒမရှိပဲ ပေါင်သန်း၃၀လောက်သာ ပေးချေချင်တာဖြစ်လို့ ဒါက အရောင်းအဝယ်ဖြစ်ဖို့အတွက် အဓိကဆွေးနွေးရမယ့် အချက်တစ်ခုဖြစ်နေမှာ သေချာနေပြီး အသင်းက ငွေကြေးပိုင်းမှာ အတော်လေး ကျဆင်းလျက်ရှိနေတာဖြစ်လို့ မဖြစ်မနေ ရောင်းချရဖွယ်ရှိလို့နေပါတယ်။