MySport Myanmar

ဟွိုင်လန်း လိုချင်တဲ့ ကျောနံပါတ် ပေးနိုင်ဖို့ ကစားသမား တဦးကို ရောင်းထုတ်မယ့် မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်မှူးသစ် ဟွိုင်လန်း တယောက် သူ ဝတ်ချင်တဲ့ ကျောနံပါတ် ၁၇ကို ဝတ်ဆင်နိုင်ဖို့ အတွက် လက်ရှိ ကျောနံပါတ်၁၇ရဲ့ ပိုင်ရှင် ကွင်းလယ်လူ ဖရက်ဒ်ကို ဒီတပတ်ထဲမှာပဲ အပြီးသတ် ရောင်းချတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကာလရှည် ပြဿနာ တရပ် ဖြစ်တဲ့ တိုက်စစ်အားနည်းမှု ပြဿနာကို ဖြေရှင်းဖို့ အတွက် ဒိန်းမတ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းအတွက် အတ္တလန်တာထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ပေးချေဖို့ သဘောတူခဲ့ပြီး ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ စနေနေ့မှာပဲ ဟွိုင်လန်းဟာ အသင်းရဲ့ ကစားသမားသစ် ဖြစ်ကြောင်းကို တရားဝင် ကြေညာခဲ့ပေမယ့် ဟွိုင်လန်းရဲ့ ကျောနံပါတ်ကို မထုတ်ပြန်ခဲ့ပဲ ဟွိုင်လန်း တယောက် ဘယ်ကျောနံပါတ်ကို ဝတ်ဆင် ကစားသွားမလဲ ဆိုတာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်းအရာ တခုပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ဟွိုင်လန်းဟာ ကျောနံပါတ် ၁၇ကို ဝတ်ဆင် ကစားဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်း တယောက် ကျောနံပါတ် ၁၇ကို အမြန်ဆုံး ဝတ်ဆင်နိုင်အောင် လက်ရှိ ကျောနံပါတ်၁၇ရဲ့ ပိုင်ရှင် ဖရက်ဒ်ကို ဒီတပတ်ထဲမှာပဲ ရောင်းချဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးနဲ့ ဆော်ဒီကလပ် တချို့က ဖရက်ဒ်ကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး ဖရက်ဒ်က ဂါလာတာစာရေးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဂါလာတာစာရေးတို့ ကြားထဲမှာ ဖရက်ဒ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရသေးပါဘူး။

Exit mobile version