မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းတစ်ယောက် အီတလီမြေမှာတော့ အိပ်မက်ဆန်တဲ့ အဖွင့်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး မနေ့ညက ကစားခဲ့တဲ့ နာပိုလီအသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာ (၁၄)မိနစ်အတွင်းမှာပဲ အဖွင့်ဂိုးကို သွင်းယူပြနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ပေါင် (၇၂)သန်းနဲ့ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ နည်းပြ ရူဘင် အာမိုရင်ရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ နာပိုလီအသင်းထံ အငှားထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : ESPN
အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ သူ့ရဲ့အရည်အသွေးကို သက်သေပြဖို့ အချိန်အကြာကြီး မယူခဲ့ပါဘူး။ ပွဲချိန် (၁၄)မိနစ်မှာ ပြိုင်ဘက်နောက်ခံလူကို တွန်းဖယ်ပြီး လူကျွံဘောထောင်ချောက်ကို ဖောက်ထွက်ကာ တိုင်အတွင်းပိုင်းထိပြီး ဝင်သွားတဲ့ဂိုးကို အေးအေးဆေးဆေး ကန်သွင်းယူသွားခဲ့ပါတယ်။ ဂိုးသွင်းပြီးနောက်မှာတော့ မျက်နှာပေါ်မှာ အပြုံးပန်းတွေဝေဆာပြီး အောင်ပွဲခံခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဒီပွဲစဉ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်ဂိုးကိုတော့ မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့လာတဲ့ ကီဗင် ဒီဘရိုင်းက ပင်နယ်တီကနေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဟွိုင်းလန်းဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၉၅)ပွဲမှာ (၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရာသီကုန်မှာ ပေါင် (၃၈)သန်းနဲ့ အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက်ပါဝင်တဲ့ ဒီအပြောင်းအရွှေ့က သူ့အတွက် ခြေစွမ်းကောင်းတွေ ပြန်လည်သက်သေပြဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ။
Photo Credit : Football Italia
သူ့ရဲ့ ပွဲဦးထွက်ခြေစွမ်းအရ ဟွိုင်းလန်းဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီးနောက် ချက်ချင်း ခြေစွမ်းပြနိုင်တဲ့ နောက်ဆုံးကစားသမားတစ်ဦး ဖြစ်လာနိုင်ခြေရှိနေပါတယ်။ စကော့ မက်တွမ်မီနေးဟာ ၂၀၂၄ ခုနှစ်က ယူနိုက်တက်ကနေ နာပိုလီကို ပေါင် (၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ စကော့တလန် ကွင်းလယ်လူဟာ နည်းပြ ကွန်တီရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အသင်းကို စီးရီးအေဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဈေးကွက်တန်ဖိုးဟာ လက်ရှိမှာ နှစ်ဆနီးပါး တက်လာခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အန်တိုနီဟာလည်း ပေါင် (၈၅)သန်းနဲ့ ယူနိုက်တက်ကို ရောက်လာခဲ့ပေမယ့် (၉၆)ပွဲမှာ (၁၂)ဂိုးနဲ့ ဖန်တီးမှု (၅)ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ် ဘက်တစ်အသင်းမှာ အငှားသွားကစားရာမှာတော့ (၂၆)ပွဲအတွင်း (၁၄)ဂိုးအထိ ပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဟွိုင်းလန်းရဲ့ အခုလို အားရစရာကောင်းတဲ့ အဖွင့်ခြေစွမ်းကတော့ နာပိုလီ ပရိသတ်တွေအတွက် ဒီရာသီမှာ မျှော်လင့်ချက်အသစ်တွေ ရှင်သန်စေခဲ့မှာ အသေအချာပါပဲ။