MySport Myanmar

လက်ရှိ ကစားပုံက သူနဲ့ လိုက်ဖက်တယ်လို့ မြင်မိကြောင်း ဆိုလာတဲ့ ဟွိုင်လန်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား ရက်စ်မတ် ဟွိုင်လန်းက လက်ရှိ အသင်းနည်းပြသစ် ရူဘင် အမော်ရင် အသုံးပြုနေတဲ့ ခံစစ်(၃)ယောက်တန်း ကစားပုံကို သဘောကျမိကြောင်း ဒီကစားပုံကလည်း သူနဲ့ အရမ်း လိုက်ဖက်တယ်လို့ ထင်မြင်မိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းဟာ ရူဘင် အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းထဲ မပါဝင်ခဲ့ရပေမယ့် ဘိုဒယ်ဂလင့်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာတော့ ပွဲထွက်ခွင့် ရခဲ့ပြီး သွင်းဂိုး (၃)ဂိုးလုံးမှာ ပါဝင်ပတ်သက်နိုင်တဲ့အထိ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။

Photo Credit : Centredevils

ဟွိုင်လန်းက ဂါနာချိုရဲ့ ပွဲအစပိုင်း သွင်းဂိုးအတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့သလို သူကိုယ်တိုင်ကလည်း အသင်းအတွက် အရေးပါလှတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကိုပါ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ဟွိုင်လန်းက ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

နည်းပြ အမော်ရင်ကလည်း စပို့တင်း လစ္စဘွန်းကို ကိုင်တွယ်တုန်းက ဗစ်တာ ယိုကယ်ရက်စ်ကို ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်လာအောင် အသေအချာ ပံ့ပိုးခဲ့နိုင်တဲ့အတွက် ယူနိုက်တက်မှာလည်း တိုက်စစ်မှူး ဟွိုင်လန်းကို ယိုကယ်ရက်စ်လိုမျိုး ဖြစ်လာအောင် လုပ်ဆောင်ပေးသွားဖွယ် ရှိနေပါတယ်။ ဟွိုင်လန်းကလည်း အမော်ရင်လက်ထက်မှာ ပိုမို တောက်ပလာနိုင်ဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Centredevils

ဘိုဒယ်ဂလင့်နဲ့ ပွဲအပြီးမှာ ဟွိုင်လန်းက “ဆိုးရွှားတဲ့ စတင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲတွေက အရမ်း စိတ်လှုပ်ရှားနေဖို့ မလိုဘူးဆိုတာကို သေချာအောင် လုပ်ဆောင်ခဲ့သလို ကျွန်တော် (၃)မှတ်အပြည့် ရရှိခဲ့ပြီးတော့ ကျွန်တော်တို့ အလုပ်တွေလည်း ပြီးမြောက်ခဲ့ပါတယ်။ အချိန်ယူရမယ် ဆိုတာကတော့ သိသာထင်ရှားပါတယ်။ ဒါပေမယ့် ဒီပွဲမှာပဲ ပုံစံကောင်းတချို့ကို မြင်ခဲ့ပြီးပါပြီ။ အဲ့ဒါကို တည်ဆောက်သွားဖို့ လိုပါတယ်။”

“ကျွန်တော်ကတော့ ဒီ ခံစစ် (၃)ယောက်တန်း ထားကစားတဲ့ ကစားကွက်ကို ကြိုက်နှစ်သက်ပါတယ်။ အဲ့ဒါက ကျွန်တော် အတ္တလန်တာအသင်းမှာ လုပ်ပြခဲ့တာတွေကိုတောင် အမှတ်ရမိစေပါတယ်။ ဒီကစားကွက်က ကျွန်တော်နဲ့ အရမ်းလိုက်ဖက်တယ်လို့ ထင်မြင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version