ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးသစ် ရက်စ်မက်စ် ဟွိုက်လန်းကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုကို ကြည့်ကာ ကြီးပြင်းလာသူ ဖြစ်ပြီး ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အီတလီကလပ် အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အသင်းဆီ ရောက်ရောက်ချင်းမှာပဲ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားခွင့် ရနေပါတယ်။

Photo Credit: Goal

ဟွိုက်လန်းက အခုချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ မသွင်းနိုင်သေးပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အတော်လေး ခြေစွမ်းပြနေပြီး အုပ်စုပွဲ ၄ပွဲ အပြီးမှာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဟွိုက်လန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ စုဆောင်းထားနိုင်ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားရဦးမှာ ဖြစ်ပြီး ဒီတပတ်မှာ မန်ချက်စတာ ယူနိုက်တက်က လူတန်တောင်းလို အားနည်းတဲ့ အသင်းနဲ့ တွေ့ဆုံဖို့ ရှိနေတာကြောင့် ဟွိုက်လန်းရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ဒီတပတ်မှာ မြင်တွေ့ရနိုင်ပါတယ်။

Photo Credit: 90 Min

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟွိုက်လန်းက သူ့ရဲ့ စံပြကစားသမားဟာ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒို ဖြစ်ပြီး သူ့အတွက် ရိုနယ်ဒိုကသာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ဆိုလာပါတယ်။

ဟွိုက်လန်းက – “ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ကျွန်တော်က သူ့ကို ကြည့်ပြီး ကြီးပြင်းလာခဲ့တယ်လို့ ပြောရပါမယ်။ ကျွန်တော်က ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ အမြဲတမ်း တွေးထားသလို သူ့ကို ကြည့်ပြီး လေ့လာ သင်ယူမှုတွေ လုပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။