မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ရက်မတ်စ် ဟွိုင်လန်းက ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူပြီးတဲ့နောက် လက်ရှိ သူဟာ ကမ္ဘာပေါ်မှာ အပျော်ရွင်ဆုံး လူသားတစ်ဦး ဖြစ်နေရတယ်လို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းဟာ ဒီနွေရာသီမှ အတ္တလန်တာအသင်းကနေ မန်ယူနိုက်တက်အသင်းဆီကို ပြောင်းရွေ့ကြေး ပေါင် (၇၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲအထိပါ ကစားပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Reuters

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ် နေရာအတွက် ပါဝင်ကစားခွင့် ရခဲ့တဲ့ ဟွိုင်လန်းက အသင်းရဲ့ ချန်ပီယံလိဂ် ပွဲစဥ်တွေအတွင်း သွင်းဂိုးတွေ စတင် သွင်းယူလာနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဘက်မှာတော့ သူရဲ့သွင်းဂိုးတွေက ပွဲတော်တော်လေး ကြာတာတောင် မမြင်တွေ့ရပဲ ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေအပြီး ချန်ပီယံလိဂ်မှာ (၅)ဂိုးထိတောင် သွင်းယူထားတဲ့ ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာတော့ (၁၄)ပွဲ ကစားထားချိန်မှာတောင် ဂိုးပေါက်ပျောက်နေရပါတယ်။

တကယ်တော့ ဟွိုင်လန်းအတွက် ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ် ပါဝင်နေရတဲ့ အချိန်မှာတောင် (၆)ပွဲကစား (၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဘက်မှာ (၁၄)ပွဲထိတောင် ဂိုးပေါက်ပျောက်နေရတာက ဟွိုင်လန်းကို ပြစ်တင် ဝေဖန်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ (၁၅)ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဥ်မှာတော့ ဟွိုင်လန်းဟာ မမျှော်လင့်ပဲ ဂိုးပေါက်စတင် တွေ့ရှိသွားခဲ့ပါတယ်။

Photo Credit : France24

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက် နဲ့ ဗီလာအသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်နေစဥ် ယူနိုက်တက်က ပထမပိုင်းမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခံထားရတဲ့ အခြေအနေကနေ ဒုတိယပိုင်းထဲ ဂါနာချိုရဲ့ ဂိုးတွေနဲ့ (၂)ဂိုးလုံး ပြန်ချေပနိုင်ခဲ့ပါတယ်။ တစ်ဖက်ကို (၂)ဂိုးစီ သရေဖြစ်နေချိန်မှာ ဟွိုင်လန်းက သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ အသင်းအတွက် အနိုင် (၃)မှတ် ရရှိစေမယ့် သွင်းဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

အခုလို ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ရရှိခဲ့တဲ့ ဟွိုင်လန်းက “ဒီဂိုးရဖို့ အချိန်တွေ ခဏလောက်ကြာခဲ့ရပေမယ့် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော်က အခု ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားပါပဲ။ ဒါကိုလည်း ဂိုးသွင်းအပြီး အောင်ပွဲခံနေပုံမှာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့တွေက ပွဲမပြီးဆုံးသေးခင် အချိန်ထိ ယုံကြည်မှုတွေ ထားခဲ့သလို ကျွန်တော်တို့ရဲ့ ကာရိုက်တာတွေကိုလည်း များစွာ ပြသနိုင်ခဲ့တယ်။ပရီးမီးယားလိဂ်ဘက်မှာ ပထမဆုံးဂိုးရဖို့က အချိန်တစ်ခုလောက် ကြာမြင့်လိုက်ရတယ်။ ဒါကြောင့် ကျွန်တော် ဒီဂိုးကို ရခဲ့လို့ ဝမ်းသာမိတယ်။ ဒီဂိုးကနေတစ်ဆင့် နောက်ထပ်ဂိုးတွေ ထပ်မံ သွင်းယူသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။