MySport Myanmar

အသင်းဖော် ဂါနာချိုက မယုံနိုင်စရာ အရည်အသွေးတွေနဲ့ ပြည့်ဝနေတဲ့သူလို့ ဟွိုင်လန်း ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူး ရက်မတ်စ် ဟွိုင်လန်းက သူရဲ့ အသင်းဖော် တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုက မယုံနိုင်စရာကောင်းတဲ့ အရည်အသွေးတွေ ပြည့်ဝနေသူလို့ တင်စား ပြောကြားသွားခဲ့ပါတယ်။

ဒီနွေမှ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းဟာ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ် အန်တိုနီ ဂါနာချို မာရှယ်တို့နဲ့ တွဲဖက် ကစားနေရပြီး မနေ့ညက ပွဲစဉ်မှသာ သူ့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Manchester United

ဗီလာကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ မနေ့ညက ပွဲစဉ်မှာ ဗီလာက မက်ဂင်း ဒန်ဒွန်ကာတို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်အသင်းကို ဦးဆောင်ထားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂါနာချိုက သွင်းဂိုး(၂)ဂိုးနဲ့ ပြန်လည်ချေပခဲ့သလို ဟွိုင်လန်းက အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ အသင်းဖော် ဂါနာချိုနဲ့ ပတ်သက်ပြီး ဟွိုင်လန်းက “သူက ဘယ်ခြမ်းမှာပဲဖြစ်ဖြစ် ညာခြမ်းမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲ ကစားပါစေ။ သူ့အသက်အရွယ် (၁၉)နှစ်လေးနဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ အရည်အသွေးတွေ ပြည့်ဝနေတဲ့သူပါ။”

Photo Credit : Sporting News

“ကျွန်တော်တို့တွေက စကားတွေ အများကြီး ပြောဆိုခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက်ကြားမှာလည်း ချိတ်ဆက်မှုတွေ ရှိလာအောင်လည်း ကြိုးစားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီအသင်းမှာ နှစ်ပေါင်းများစွာ အခုလို အတူတကွ ရှိနေကြမယ်လို့ မျှော်လင့်ထားတာကြောင့်ပါပဲ။”

“ဒီပွဲမှာလည်း ကျွန်တော်တို့အတွက် အလွန်ကောင်းမွန်လှတဲ့ Comeback တစ်ခုလည်း ဖြစ်ခဲ့ရတယ်။ ကျွန်တော် ဂိုးသွင်းယူပြီးချိန် ကျွန်တော့်ဆီကို ဝိုင်းဝန် အားပေးလာကြတဲ့ အသင်းဖော်တွေကိုလည်း အထူး ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့အတွက် ထိုက်တန်မှုရှိတဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version