အီတလီ စီးရီးအေကလပ် အတ္တလန်တာရဲ့ လူငယ်ကြယ်ပွင့် ဟွိုင်လန်းက ယနေ့မနက် အစောပိုင်းမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ဦးစားပေးအနေနဲ့ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ အတ္တလန်တာ ၊ ဒိန်းမတ်တို့နဲ့ စတင် တောက်ပလာတဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဒိန်းမတ်နဲ့ အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဘယ်ခြေအားသန် တိုက်စစ်မှူး ဖြစ်တဲ့ ဟွိုင်လန်းက အရပ်အမောင်း မြင့်မားသလို ပြေးအား ၊ တိုးအား ကောင်းတဲ့ လူငယ်တိုက်စစ်မှူး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ တိုးတက်နိုင်စွမ်းတို့ကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

လက်ရှိမှာ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဟွိုင်လန်းရဲ့ အေးဂျင့်နဲ့ရော ၊ အတ္တလန်တာနဲ့ပါ တပြိုင်နက်ထဲ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက်က ယမန်နေ့ညပိုင်းမှာ ဟွိုင်လန်းအတွက် အတ္တလန်တာဆီ တရားဝင် ကမ်းလှမ်းမှု တခု ပေးပို့ခဲ့သလို ပီအက်စ်ဂျီကလည်း ယနေ့မနက်ပိုင်းမှာ ဟွိုင်လန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို အတ္တလန်တာဆီ ပေးပို့ခဲ့ပါတယ်။

Photo Credit: The Sun

ပီအက်စ်ဂျီက အတ္တလန်တာဆီ တရားဝင် ကမ်းလှမ်းမှု ပေးပို့ခဲ့သလို တဖက်မှာလည်း ဟွိုင်လန်းရဲ့ အေးဂျင့်ထံ မန်ချက်စတာ ယူနိုက်တက်ထက် လုပ်ခလစာ ပိုပေးမယ် ဆိုတဲ့ စကားနဲ့အတူ စာချုပ်တရပ် ပေးပို့ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဟွိုင်လန်းက ပီအက်စ်ဂျီရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုကို ရရှိထားပေမယ့် သူ နှစ်သက်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့သာ ဦးစားပေး လုပ်ဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက်ကသာ အတ္တလန်တာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရင် ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာမှာ ဖြစ်ကြောင်း သိရှိရပါတယ်။