မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းအနေနဲ့ တစ်ပွဲလုံးနီးပါး ပါဝင်ကစားဖို့အတွက် အဆင်သင့် မဖြစ်သေးလို့ လူစားလဲလိုက်ရတာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

မနေ့က အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ရတဲ့ ဟွိုင်လန်းဟာ ဒုတိယပိုင်း ပွဲချိန် (၆၄)မိနစ်မှာပဲ အန်တိုနီ မာရှယ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို လူစားလဲတဲ့အချိန်မှာပဲ မန်ယူနိုက်တက် ပရိသတ်တွေက ဒီလူစားမှုအပေါ် အော်ဟစ် လှောင်ပြောင်ခဲ့ကြပေမယ့်လည်း ယူနိုက်တက် နည်းပြ တန်ဟက်ဂ်ကတော့ သူ့အနေနဲ့ ဟွိုင်လန်းကို လူစားလဲဖို့ လိုအပ်လို့ မာရှယ်နဲ့ လဲလိုက်ရတာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

“ဒါက အပြုသဘောဆောင်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ အသင်းပရိသတ်တွေ သူ့ကို သေသေချာချာ ကြိုဆို အားပေးနေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ သူလည်း အကောင်းဆုံး ကစားပြသွားနိုင်ခဲ့တယ်။ လူစားလဲချိန် လှောင်ပြောင်ခြင်းကလည်း အသင်းပရိသတ်တွေက သူ့အပေါ်မှာ ယုံကြည်မှု ရှိနေတယ်ဆိုတာကို ပေါ်လွင်စေတယ်။ ဒါ တကယ်ကို ကောင်းပါတယ်။”

Photo Credit : Stretty News

“ဒါပေမယ့် သူက ဒီကို ရောက်လာချိန်ကတည်းက အသေးစား ကြံခိုင်မှု ပြသာနာတွေ ရှိထားတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ သူနဲ့ ကျွန်တော်တို့ ပြင်ဆင်ထားတာကလည်း ရက်သတ္တပတ် အနည်းငယ်လောက်သာ ရှိပါသေးတယ်။ ဒါကြောင့် သူ့အနေနဲ့ တစ်ပွဲလုံးကို ပါဝင်ကစားဖို့အတွက် အဆင်သင့် ဖြစ်မနေသေးပါဘူး။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။

ဟွိုင်လန်းက အိုးထရက်ဖို့ဒ်ကွင်းထဲ အိမ်ကွင်း ပွဲဦးထွက်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုက ဂိုးစည်းကို ကျော်လွန်နေတာကြောင့် သွင်းဂိုး ပယ်ဖျက်ခံခဲ့ရလို့ ဟွိုင်လန်းအတွက် ကံဆိုးခဲ့ရပါတယ်။