ဒီနွေမှ အတ္တလန်တာအသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးလေး ဟွိုင်လန်းက သူရဲ့ နောက်ကျောဒဏ်ရာ ကုသနေမှုကြောင့် ယူနိုက်တက်ရဲ့ ရာသီအစပိုင်း ပွဲစဉ်တွေမှာ ပွဲချိန် အနည်းငယ်လောက်သာ ကစားရနိုင်တယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဆီကို ပေါင် (၇၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက နောက်ကျော ပြသာနာကြောင့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲတွေတချို့မှာ ပွဲကစားချိန် အကန့်အသတ်နဲ့သာ ပါဝင်သွားရနိုင်ပါတယ်။

Photo Credit : Livescore

ပြီးခဲ့တဲ့ တစ်ပတ်က ဟွိုင်လန်းကို ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ရာ လူငယ် ကစားသမားလေးတွေမှာ ဖြစ်တတ်တဲ့ အရိုးအတွင်း သေးငယ်တဲ့ ပွတ်တိုက်မှု ဖြစ်စဉ်ကို နောက်ကျောမှာ ဖြစ်ပေါ်နေတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ဟွိုင်လန်းအနေနဲ့ လန်းစ်အသင်းနဲ့ ခြေစမ်းပွဲ မတိုင်ခင်မှာ အိုးထရက်ဖို့ဒ်ကွင်းထဲ Official Announcement လုပ်ဆောင်ခွင့် ရခဲ့ပေမယ့် ယူနိုက်တက်အတွက် ကစားခွင့် ရဖို့ကိုတော့ အချိန် အနည်းငယ်လောက်အထိ ဆက်လက် စောင့်ဆိုင်းရနိုင်ပါတယ်။

Photo Credit : 90Min

ဟွိုင်လန်းက ဝုလ်ဗ် စပါးအသင်းတွေနဲ့ ကစားရမယ့် ပွဲစဉ်တွေကို လွဲချော်ဖို့ ဒါမှမဟုတ် ပွဲချိန် အနည်းငယ်လောက်သာ ကစားရဖို့ ရှိနေတယ် ဆိုပေမယ့်လည်း တချို့ သတင်းရင်းမြစ်တွေမှာတော့ ဟွိုင်လန်းရဲ့ ဒဏ်ရာ အခြေအနေက ထင်ထားတာထက်တောင် ပိုမို ဆိုးရွှားနိုင်လို့ ရက်သတ္တပတ် အနည်းလောက်အထိတောင် အနားယူရနိုင်တယ်လို့ ဖော်ပြနေပါတယ်။

ယူနိုက်တက်ဘက်က တရားဝင် ထုတ်ပြန်ထားချက်မှာတော့ ဟွိုင်လန်းက အတ္တလန်တာအသင်းနဲ့ ရာသီကြို လေ့ကျင့်မှုတွေအတွင်း ကြံခိုင်မှု ပြသာနာ အနည်းငယ် ရှိထားခဲ့ရတာကြောင့် သူရဲ့ကြံခိုင်မှုပိုင်း ပြန်လည် ကောင်းမွန်လာအောင် အချိန်စောင့်ဆိုင်းရလိမ့်မယ်လို့သာ ဖော်ပြထားခဲ့ပါတယ်။