ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ယခု နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ စံပြကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ဒိန်းမတ်လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အတ္တလန်တာနဲ့အတူ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ထင်ပေါ်လာတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပြီး ဟွိုက်လန်းဟာ အတ္တလန်တာနဲ့ ဒိန်းမတ်အတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဟွိုက်လန်းက အရပ် ၆ပေ ၄လက်မ မြင့်ကာ တိုးအား ၊ ရုန်းအား ကောင်းတဲ့ လူငယ် တိုက်စစ်မှူး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖာထေးနိုင်ဖို့ ဟွိုက်လန်းကို ခေါ်ယူချင်နေပြီး ဟွိုက်လန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အတ္တလန်တာ ကြားထဲမှာ ဟွိုက်လန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေလည်း လုပ်နေကာ အတ္တလန်တာက ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Photo Credit: Team Talk

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဟွိုက်လန်းက ဘောလုံးလောကမှာ သူ လေးစား အားကျရတဲ့ စံပြ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုရဲ့ စိတ်ဓာတ်ကို အရမ်းသဘောကျကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဟွိုက်လန်းက – “ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ အဖေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား တယောက်ကို လာပြတယ်ဗျ။ အဲ့ဒီ ကစားသမားက ရိုနယ်ဒိုပါ။ အဲ့ဒီမှာပဲ ကျွန်တော်က ရိုနယ်ဒိုရဲ့ ပရိသတ် ဖြစ်သွားပြီးတော့ သူ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းတော့လည်း လိုက်ပြီး အားပေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ရိုနယ်ဒိုရဲ့ စိတ်ဓာတ်ကို သဘောကျတယ်။ သူ့ရဲ့ သွင်းဂိုး ဆာလောင်စိတ်ကို ကြိုက်တယ်။ သူ့ရဲ့ ဆာလောင်စိတ် ပြင်းထန်ပြီးတော့ အကောင်းဆုံး ဖြစ်ချင်တဲ့ စိတ်ဓာတ်ကို သဘောအကျဆုံးပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။