မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကတော့ မနေ့ညက အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ သူ့အသင်းဟောင်း အတ္တလန်တာအသင်းနဲ့အတူ အောင်ပွဲခံမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

တကယ်တော့ လီဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းဆိုတာက ကစားရခက်ခဲတဲ့ နေရာတစ်ခုဖြစ်ပြီး လီဗာပူးလ်ကလည်း ဒီရာသီ အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲတွေထဲ လုံးဝ ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒါပေမယ့် လီဗာပူးလ်ဟာ မနေ့ညက အန်ဖီးလ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာပဲ စီးရီးအေကလပ် အတ္တလန်တာအသင်းကို (၃)ဂိုးပြတ်နဲ့ အရှက်တကွဲ အရှုံးပေးခဲ့ရပြီး နောက်တစ်ဆင့် တက်လှမ်းဖို့တောင် မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်ဘက်က ကစားသမားတစ်ဦးချင်း အမှားတွေ များနေတာ နည်းပြကြီး ယာဂန် ကလော့ပ်ရဲ့ ကစားသမား အသုံးပြုမှုတွေက မေးခွန်းထုတ်ချင်စရာ ဖြစ်ရတာနဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်တာတွေက အသင်းကို နစ်နာစေခဲ့ရပါတယ်။

Photo Credit : Stretty News

ဒီလို လီဗာပူးလ်အသင်းကို အန်ဖီးလ်မှာပင် ဂိုးပြတ်အထိ အနိုင်ယူနိုင်ခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ပတ်သက်ပြီး ကစားသမားဟောင်းဖြစ်သူ ဟွိုင်လန်းက သူရဲ့ အင်စတာဂရမ်မှာ အတ္တလန်တာရဲ့ ပွဲပြီးရလဒ် ဓါတ်ပုံနဲ့အတူ “ဘယ်တော့မှ အရှုံးမပေးဘူး” ဆိုတဲ့ စာသားကိုပါ ရေးသားဖော်ပြသွားခဲ့ပါတယ်။

အသက် (၂၁)အရွယ်သာ ရှိနေသေးတဲ့ ဟွိုင်လန်းဟာ ဒီရာသီမှ အတ္တလန်တာကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့လည်း (၃)ကြိမ်အထိ ရင်ဆိုင်တွေ့ဆုံထားခဲ့ရပါသေးတယ်။